နေပြည်တော် အောက်တိုဘာ ၁၆
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)(၁၀)နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အစီအစဉ်အဖြစ် “ငြိမ်းချမ်းသော မြန်မာ့အနာဂတ်တည်ဆောက်ခြင်း” အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ သံအမတ်ကြီးများနှင့် နိုင်ငံတကာမှဆွေးနွေးကြမည့် ပြည်ပပညာရှင်များ၊ လေ့လာသူများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှပါမောက္ခများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် လေ့လာသူများတက်ရောက်ကြသည်။
ထို့နောက် “ပဋိပက္ခဖျန်ဖြေရေးလုပ်ငန်းများနှင့် ရွေးကောက်ပွဲများ၌ လူထုပါဝင်ရေးစည်းရုံးရာတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကိုပြန်လည်သုံးသပ်ခြင်း”ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်းအစီအစဉ်ဆောင်ရွက်ရာ သဘာပတိကအဖွင့်အမှာစကားပြောကြားပြီး ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့မှပညာရှင်များက “ရွေးကောက်ပွဲ၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် ရွေးကောက်ပွဲအလွန်ရှေ့လုပ်ငန်းစဉ်များ”၊ “ငြိမ်းချမ်း ရေးဖြစ်စဉ်အတွင်းအရပ်သားများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအကျိုးဆောင်များ၏ အခန်းကဏ္ဍ”၊ “လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့များ၊ ယုံကြည်မှုတည်ဆောက်ခြင်း၊ တတိယအုပ်စုမှကြားဝင်စေ့စပ်ပေးခြင်းနှင့် အကျိုးဆောင်ခြင်း”တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။
ဆွေးနွေးမှုများအပေါ် တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ သုံးသပ်ဆွေးနွေးခြင်းတို့ဆောင်ရွက်ကြပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဦးဆောင်ဆွေးနွေးကြသောပညာရှင်များအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ဆွေးနွေးပွဲတက်ရောက်လာသူများသည် အဖွဲ့(၂)ဖွဲ့ခွဲ၍ ဆွေးနွေးခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ နိုင်ငံရေးကဏ္ဍတွင် အဖွဲ့(၁)က “ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက်လက်နက် ကိုင်မဟုတ်သည့် လူမှုအသိုက် အဝန်းများ၊ အရပ်ဘက်တိုင်းရင်း သား ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးများ၊ လူငယ်များနှင့်အနာဂတ်မျိုးဆက်များ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း”၊ “မြန်မာနိုင်ငံ၏ ငြိမ်းချမ်း သာယာသော အနာဂတ်တည်ဆောက်ရန်အတွက် နိုင်ငံ၏လက်ရှိ ပကတိအခြေအနေနှင့် လက်တွေ့ကျကျ ရှေ့ဆက်လက် ဆောင်ရွက်သင့်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ထုတ်ခြင်း” တို့နှင့်စပ်လျဉ်း၍ လည်းကောင်း၊ စီးပွားရေးကဏ္ဍတွင် အဖွဲ့(၂)က “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆောင်ရွက်ရာ၌ ပထဝီစီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကိုဖော်ထုတ်ခြင်း၊ စီးပွားရေးလုပ်ငန်းများ၏အခန်းကဏ္ဍကို မြှင့်တင်ခြင်းနှင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများဖော်ထုတ်ခြင်း” ၊ “မြန်မာနိုင်ငံငြိမ်းချမ်း သာယာသောအနာဂတ်တည်ဆောက်ရန်အတွက် နိုင်ငံ၏ လက်ရှိ ပကတိအခြေအနေနှင့် လက်တွေ့ကျကျရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဖော်ထုတ်ခြင်း” တို့နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးကြရာသဘာပတိများက အမှာစကားများပြောကြားကြပြီး ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက်ဆွေးနွေးကြကာ တက်ရောက်လာကြသူများက အမြင်သဘောထားများဆွေးနွေးခြင်း၊ မေးခွန်မေးမြန်းခြင်း၊ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။
ထို့ပြင် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသာယာသောအနာဂတ်တည်ဆောက်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်များ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေး၊ ပထဝီစီးပွားရေးဆိုင်ရာ အခွင့်အလမ်းများဖော်ထုတ်၍ စီးပွားရေးအခန်းကဏ္ဍမြှင့်တင်ရေးနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို နိုင်ငံ၏လက်ရှိပကတိအခြေအနေနှင့် လက်တွေ့ကျကျ ဆက်လက်ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍လည်း အသေးစိတ်ဆွေးနွေးကြသည်။ အဆိုပါဆွေးနွေးပွဲကို အောက်တိုဘာ ၁၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်