Skip to main content

တိုင်းပြည်တည်ငြိမ်အေးချမ်းစေရေး အားလုံးပါဝင်ဝိုင်းဝန်းကြိုးပမ်း

“တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေး”ဟူသည့် အမျိုးသားရေးရည်မှန်းချက်(၂)ရပ်နှင့် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့်  ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်   ပြည်ထောင်စုတည်ဆောက်ရေး” ဟူသည့် နိုင်ငံရေးရည်မှန်းချက်(၂)ရပ်တို့ကို နိုင်ငံတော်အစိုးရက ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံလိုအပ်ချက်ဖြစ်သည့် တိုင်းပြည်တည်ငြိမ်အေးချမ်းစေရန် နိုင်ငံတော်အစိုးရက မဆုတ်မနစ်ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA(၁၀)နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် “ယနေ့အချိန်မှာ ကျွန်တော်တို့တိုင်းပြည်ရဲ့ ပကတိလိုအပ်ချက်ဟာ တည်ငြိမ်အေးချမ်းရေးပဲဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှုရှိပါမှ ပြည်သူလူထုဟာ ကောင်းမွန်စွာစီးပွားရှာနိုင်ပါမယ်။ လုံခြုံစွာနေထိုင်နိုင်ပါမယ်။ ခိုင်မာတိုးတက်တဲ့ စီးပွားရေးဘဝများကိုလည်း တည်ဆောက်နိုင်ပါမယ်။   ဒါကြောင့် ပြည်သူလူထုနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အခြေခံလိုအပ်ချက်တစ်ခုဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးကို အရေးကြီးတဲ့လုပ်ငန်းတစ်ခုအဖြစ်  ကျွန်တော်တို့အားလုံးမဆုတ်မနစ် ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်စုစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ပြည်ထောင်စုသားအချင်းချင်းစည်းလုံးညီညွတ်မှ၊ ချစ်ခင်ရင်းနှီးမှ၊ ယုံကြည်မှုတည်ဆောက်နိုင်မှသာလျှင် အေးချမ်းသာယာဝပြောသည့် ပြည်ထောင်စုနိုင်ငံကြီးအဖြစ်     ခိုင်မာစွာတည်ဆောက်ထားနိုင်မည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးအားလုံးကောင်းစားရေးအတွက် အာမခံနိုင်သည့် နိုင်ငံထူထောင်နိုင်မည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ကိုလိုနီလက်ထက်ကတည်းက တိုင်းရင်းသားအချင်းချင်းစိတ်ဝမ်းကွဲပြားစေမည့် ပရိယာယ်နှင့်သွေးခွဲခဲ့မှုများ၊ လွတ်လပ်ရေးမရမီနှင့်လွတ်လပ်ရေးရပြီးကာလ အချင်းချင်းဂိုဏ်းဂဏဝါဒကွဲပြားမှုများ၊ မျက်မှောက်ကာလတွင်လည်း စိတ်ဝမ်းကွဲပြားမှုများ၊ လက်နက်ကိုင် ပဋိပက္ခများကြောင့် “ဘူးလေးရာ ဖရုံဆင့်” ဆိုသလို တိုင်းပြည်နှင့်လူမျိုး ကောင်းစားရေး မျှော်မှန်းသလောက် မလုပ်နိုင်ခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် ကမ္ဘာပေါ်ရှိနိုင်ငံအများစုသည် တည်ငြိမ်အေးချမ်းမှုရှိကြပြီး တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်နိုင်သည့်အလျောက် နိုင်ငံဖွံ့ဖြိုးတိုးတက်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။   နိုင်ငံတိုင်းတွင်မတူကွဲပြားမှုများ၊ ယုံကြည်ချက်၊  ခံယူချက်ကွဲလွဲမှုများ ရှိမည်ဖြစ်သော်လည်း နောက်ဆုံးတွင် ပဋိပက္ခ၏ဆိုးကျိုးကိုနားလည်ခြင်း၊ တိုင်းပြည်နှင့်လူထုအကျိုးကို အထိအခိုက်မခံလိုခြင်းတို့ကြောင့် မတူကွဲပြားသူအချင်းချင်းတွဲလုပ်သည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများကို တည်ဆောက်ကြသည်။ နိုင်ငံများအနေဖြင့် ပဋိပက္ခများ ရှိတတ်သော်လည်းအခိုက်အတန့််မျှသာဖြစ်သည်။ ပဋိပက္ခကိုအမြန်ဖြေရှင်းပြီး တိုင်းပြည်အကျိုးစီးပွားမထိခိုက်အောင် အလေးထားလုပ်ကိုင်ကြသည်။

မြန်မာနိုင်ငံသည်  ဘာသာတရားကိုအခြေခံသည့်နိုင်ငံဖြစ်သဖြင့် နိုင်ငံသူနိုင်ငံသားအများစုမှာ  မွန်မြတ်သောစိတ်ထားများထားရှိကြသည်။ နိုင်ငံတွင်သဘာဝသယံဇာတများ ပေါများကြွယ်ဝသည့်အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကောင်းမွန်စွာလုပ်ကိုင်နိုင်သည့် ရေခံ၊ မြေခံအခြေခံကောင်းများရှိပြီးဖြစ်သည်။ သို့သော် နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ခိုင်မြဲစွာတည်ဆောက်နိုင်ခြင်းမရှိပေ။ လူမျိုးစွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲများကြောင့် မကြာခဏပဋိပက္ခများချုပ်ငြိမ်းကာ အာဃာတကြီးမားမှုကြောင့် ပဋိပက္ခရှည်ကြာနေသည်မှာ အားလုံးအသိပင်ဖြစ်သည်။ အကယ်၍သာ ပဋိပက္ခများချုပ်ငြိမ်းကာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိပါက ခေတ်အဆက်ဆက်ဖွံ့ဖြိုးမှုနောက်ကျခဲ့သည့် ဒေသများသာမက ကျေးလက်ဒေသများပါမကျန် တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ဖြစ်သည်။

ပြည်သူလူထုမှာ လူအများစုဖြစ်ပြီး ပဋိပက္ခဖန်တီးသူမှာလူနည်းစုဖြစ်သည်။ ပြည်သူလူထုအကျိုးစီးပွားမထိခိုက်အောင် လူများစုအနေဖြင့် ညီညွတ်ကြရမည်ဖြစ်ပြီး လူနည်းစုကို တွန်းအားပေးနိုင်ရမည်ဖြစ်သည်။ လူနည်းစုအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေသည့်၊ အထိခိုက်ခံရမှုများနေသည့် လူများစုမျက်နှာကိုထောက်ထားရမည်ဖြစ်သည်။ စာနာကြရမည်ဖြစ်သည်။ ကမ္ဘာပေါ်ရှိနိုင်ငံအများစုမှာ လူနည်းစုကလူများစုပြည်သူလူထုကို ထောက်ထားညှာတာသောကြောင့် ဖွံ့ဖြိုး တိုးတက်လာကြပြီး ပြည်သူများ အေးချမ်းသာယာဝပြောစွာ နေထိုင်နိုင်ကြသည်ကို မြန်မာနိုင်ငံ၏အခြေအနေနှင့်နှိုင်းယှဉ်ပြီး သင်ခန်းစာယူကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ထိခိုက်ခံစားနေသည့်၊ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေသည့် ပြည်သူလူထုကို စာနာထောက်ထားညှာတာသောအားဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွင်   အားလုံးပါဝင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါကြောင်း။            ။