နေပြည်တော် အောက်တိုဘာ ၁၅
လေးစားအပ်ပါသော ဂုဏ်သရေရှိလူကြီးမင်းများနဲ့ ကြွရောက်လာကြသူများ ခင်ဗျာ
မြန်မာပြည်သူသန်းပေါင်းများစွာကို မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ ဆောင်ကြဉ်းပေးခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုဆင်နွှဲဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Sihasak Phuangketkeow ကိုယ်စား တက်ရောက်ခွင့်ရတာ ကျွန်တော့်အနေနဲ့ အင်မတန်မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။
ဒီနေ့အခမ်းအနားဟာ ကျွန်တော့်အတွက် ပုဂ္ဂိုလ်ရေးအရလည်း အဓိပ္ပာယ်ပြည့်ဝတဲ့အခါသမယ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ၂၀၁၂ ခုနှစ် ကနေ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ မျှော်လင့်ချက်အတောက်ပဆုံး အခြေအနေအချိန်အခါကို ကြုံကြိုက်ခွင့်ရခဲ့ပါတယ်။
တကယ်တော့ လွန်ခဲ့တဲ့ဆယ်နှစ်က ဒီခန်းမကြီးထဲမှာပဲ ကျွန်တော်ကိုယ်တိုင် အဲဒီ သမိုင်းဝင်အခိုက်အတန့်ကို မျက်မြင်သက်သေအဖြစ် ရှိနေခဲ့ပါတယ်။ သန္နိဋ္ဌာန်ခိုင်မာမှုတွေ၊ စိတ်သက်သာရာရမှုတွေ၊ အကောင်းမြင်စိတ်တွေရှိခဲ့တဲ့ အဲဒီအချိန်ကို ကျွန်တော်အခုထိ အမှတ်ရနေတုန်းပါပဲ။ NCA လက်မှတ်ရေးထိုးခဲ့တာဟာ စာရွက်စာတမ်းတစ်ခုကို လက်မှတ်ရေးထိုးရုံမဟုတ်ပါဘူး၊ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာပြည်သူအားလုံး ပိုင်ဆိုင်နိုင်မယ့် အနာဂတ်အတွက် တံခါးတစ်ခု ဖွင့်လှစ်လိုက်တာလည်း ဖြစ်ပါတယ်။
လူကြီးမင်းများခင်ဗျာ
ဆယ်နှစ်ဆိုတာ ကြာတယ်လို့ထင်ရပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့သက်တမ်းမှာတော့ ဒါဟာ တိုတောင်းတဲ့ အခန်းကဏ္ဍလေးတစ်ခုပါ။ အရေးကြီးတာက ကုန်လွန်သွားတဲ့အချိန် မဟုတ်ပါဘူး။ ဆက်ပြီး သယ်ဆောင်သွားရမယ့် သင်ခန်းစာတွေပဲဖြစ်ပါတယ်။ ရဲစွမ်းသတ္တိဟာ ကြောက်ရွံ့ခြင်းထက်သာလွန်တဲ့အခါ၊ အချင်းချင်း အမြင်ကွဲပြားမှုကိုဖယ်ပြီး တွေ့ဆုံဆွေးနွေးမှုကို ရွေးချယ်တဲ့အခါ၊ တစ်ချိန်က ဆန့်ကျင်ဘက်မှာ ရပ်တည်ခဲ့သူတွေကြားမှာတောင် ယုံကြည်မှုကို တည်ဆောက်လာနိုင်တဲ့အခါ ငြိမ်းချမ်းရေးဆိုတာ ဖြစ်တည်လာနိုင်ပါတယ်။ ဒါဟာ NCA ကပေးတဲ့ ရှင်းလင်းပြတ်သားတဲ့ သင်ခန်းစာဖြစ်ပါတယ်။
အဲဒီလိုမျိုးစိတ်ဓာတ်ဟာ ဒီနေ့မှာ အလှမ်းဝေးနေတယ်လို့ ခံစားကောင်း ခံစားရနိုင်ပါတယ်။ ၂၀၁၅ ခုနှစ်ကရှိခဲ့တဲ့ အကောင်းမြင်စိတ်တွေ မှေးမှိန်သွားပြီလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် မျှော်လင့်ချက်ဆိုတာ ယိမ်းယိုင်ကောင်း ယိမ်းယိုင်နိုင်ပေမယ့် ကျိုးပျက်မသွားဘူးဆိုတာ မမေ့ဖို့လိုပါတယ်။ မျှော်လင့်ချက်ဆိုတာ ပြန်လည်အသက်သွင်းလို့ ရနိုင်ပါတယ်။ အဲဒီမျှော်လင့်ချက်ရောင်ခြည် ဆက်လက်တောက်ပနေစေဖို့က ကျွန်တော်တို့ အားလုံးရဲ့ စုပေါင်းတာဝန်ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွက်ဆိုရင် ဒါဟာ သံတမန်ရေး ဒါမှမဟုတ် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သဘောတရားတစ်ခုသက်သက်မဟုတ်ပါဘူး။ ကျွန်တော်တို့ နေ့တိုင်းခံစားရတဲ့ကိစ္စပါ။ ကျွန်တော်တို့နှစ်နိုင်ငံဟာ နယ်နိမိတ်ချင်း ကီလိုမီတာ ၂၀၀၀ ထိစပ်နေပါတယ်။ ပိုအရေးကြီးတာက အဲဒီနယ်စပ်တစ်လျှောက်မှာ ကျွန်တော်တို့ရဲ့ နှစ်ဖက်အသိုင်းအဝိုင်းတွေ၊ မိသားစုတွေနဲ့ ချစ်ကြည်ရင်းနှီးမှုတွေလည်း အပြန်အလှန် တည်ရှိနေပါတယ်။ ထိုင်းနိုင်ငံအတွက် မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံ သက်သက်မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ ကျွန်တော်တို့ရဲ့ မိသားစုပါ။ မြန်မာရဲ့ ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးပါ။ မြန်မာရဲ့ သာယာဝပြောရေးဟာ ကျွန်တော်တို့ရဲ့ သာယာဝပြောရေးပဲဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ကနဦးအစကတည်းက အမြဲတမ်း ထောက်ခံအားပေးခဲ့ပါတယ်။ ဆက်လက်ပြီးလည်း ဝိုင်းဝန်းထောက်ခံပေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို မြန်မာဦးဆောင်မှုနဲ့ရယူပြီး မြန်မာကပဲ ပိုင်ဆိုင်ရမယ်လို့ ကျွန်တော်တို့ အခိုင်အမာယုံကြည်ပါတယ်။ မြန်မာပြည်သူတွေသာ သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်ပါတယ်။ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတစ်နိုင်ငံအဖြစ် ထိုင်းနိုင်ငံဟာ နားထောင်ဖို့၊ ကူညီပေးဖို့နဲ့ အားပေးထောက်ခံဖို့ အမြဲအသင့်ရှိနေမှာ ဖြစ်ပါတယ်။
လူကြီးမင်းများခင်ဗျာ
မကြာမီမှာ မြန်မာနိုင်ငံဟာ နောက်ထပ်အရေးကြီးတဲ့ အခိုက်အတန့်တစ်ခုဆီ ရောက်ရှိလာတော့မှာလို့ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါဟာ လာမည့်ရွေးကောက်ပွဲပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ယုံကြည်ချက်ကို မျှဝေပါရစေ။ ရွေးကောက်ပွဲတစ်ခုတည်းက ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဟာ အရေးကြီးတဲ့ခြေလှမ်းပါ၊ ဟုတ်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲတွေဟာ တွေ့ဆုံဆွေးနွေးခြင်း၊ ပြန်လည်သင့်မြတ်ခြင်းနဲ့ သက်ဆိုင်သူအားလုံးကြား ယုံကြည်မှုတည်ဆောက်ခြင်းတို့ပါဝင်တဲ့ ပိုမိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ “အဓိကကျတဲ့ အစိတ်အပိုင်း” ဖြစ်ရပါမယ်။ အဲဒီလိုမျိုးမဟုတ်ရင် မဲပုံးက ပဋိပက္ခရဲ့ အမာရွတ်တွေကို ကုစားနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့်မို့လို့ ထိုင်းနိုင်ငံနဲ့ အာဆီယံဟာ မြန်မာနိုင်ငံနဲ့ ဒေသအကြားက အားလုံးပါဝင်ပြီး စစ်မှန်တဲ့ရလဒ်ထွက်ပေါ်စေမယ့် အပြုသဘောထိတွေ့ဆက်ဆံမှုအားလုံးကို ထောက်ခံဖို့အသင့်ရှိကြောင်း ပြောကြားလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးဆိုတာ ကြေညာချက်တွေ ဒါမှမဟုတ် အခမ်းအနားတွေ သက်သက်မဟုတ်ပါဘူး၊ သာမန်ပြည်သူတွေ သူတို့ရဲ့နေ့စဉ်ဘဝမှာ ခံစားနိုင်တဲ့ စစ်မှန်တဲ့ အပြောင်းအလဲကသာ ငြိမ်းချမ်းရေးဖြစ်ပါတယ်။ သူတို့ရဲ့ အိမ်တွေမှာ လုံခြုံမှုရှိဖို့၊ သူတို့ရဲ့ အသိုက်အဝန်းတွေမှာ အခွင့်အလမ်းတွေရှိဖို့နဲ့ ဂုဏ်သိက္ခာရှိရှိ နေနိုင်ဖို့တို့ပဲဖြစ်ပါတယ်။
လူကြီးမင်းများခင်ဗျာ
ငြိမ်းချမ်းရေးခရီးလမ်းဟာ ဘယ်တော့မှ ဖြောင့်ဖြူးမနေပါဘူး။ ဘယ်တော့မှလည်း လွယ်ကူမနေပါဘူး။ စိတ်ရှည်သည်းခံမှု၊ ရဲစွမ်းသတ္တိနဲ့ အထူးသဖြင့် ဇွဲလုံ့လတို့ လိုအပ်ပါတယ်။ လူတွေဟာ လက်စားချေခြင်းထက် ပြန်လည်သင့်မြတ်ရေးကို ရွေးချယ်တဲ့အခါ၊ မုန်းတီးမှုထက် မျှော်လင့်ချက်ကို ရွေးချယ်တဲ့အခါ အနက်ရှိုင်းဆုံးဒဏ်ရာတွေတောင် ပျောက်ကင်းနိုင်တယ်ဆိုတာ သမိုင်းသက်သေလည်းရှိပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးခရီးအောင်မြင်ပါစေလို့ စိတ်ရင်းမှန်နဲ့ ဆန္ဒပြုပါတယ်။ နောင်လာမယ့် မြန်မာမျိုးဆက်တွေဟာ NCA ကို သမိုင်းမှတ်တိုင်တစ်ခုအနေနဲ့သာမက၊ NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်းနှစ်တွေကို စစ်မှန်တဲ့ ငြိမ်းချမ်းရေးအမြစ်တွယ်ခဲ့တဲ့၊ ပဋိပက္ခအစား တွေ့ဆုံဆွေးနွေးမှုသာ ရှေ့တန်းရောက်ခဲ့တဲ့ အချိန်တွေအဖြစ် ပြန်လည်အမှတ်ရနိုင်ကြစေဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။
နောင်အခါ ကျွန်တော်တို့ ပြန်ဆုံကြတဲ့အခါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်တစ်ခုကို ဂုဏ်ပြုဖို့သာမဟုတ်ဘဲ၊ ငြိမ်းချမ်းမှု၊ သာယာဝပြောမှုနဲ့ စည်းလုံးညီညွတ်မှုတို့ကို နိုင်ငံသားတိုင်း လက်တွေ့ခံစားနေရပြီဖြစ်တဲ့ မြန်မာနိုင်ငံအဖြစ် ဂုဏ်ပြုပွဲဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
ကျေးဇူးတင်ပါတယ်။