ပြဿနာတစ်ခုကို အကျေအလည်ဆွေးနွေးခြင်းဖြင့် ဖြေရှင်းကြရသည်။ ပြဿနာကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ကာယကံရှင်များရော၊ သက်ဆိုင်သူများပါ အားလုံးပါဝင်ညှိနှိုင်းဆွေးနွေးကြမှ အဖြေတစ်ခုခုကို ရရှိမည်ဖြစ်သည်။ အလျှော့၊ အတင်း၊ အပေး၊ အယူ ဘက်မျှအောင်ဆောင်ရွက်ကြမှသာ ရည်မှန်းချက်သို့ ရောက်မည်ဖြစ်သည်။ အကုန်မရလျှင်မယူ၊ ဘာမျှအလျှော့မပေးဘဲ ရလိုမှုတစ်ခုတည်းကိုသာ ရှေ့တန်းတင်ပြီး အာဃာတများနှင့် ဆွေးနွေးနေသမျှ မည်သည့်အခါမျှ အောင်မြင်မှုမရဘဲ အလှမ်းဝေးနေမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံအတွက် အရေးအကြီးဆုံး အကျေအလည် ဆွေးနွေးနေကြသည်မှာ ငြိမ်းချမ်းရေးပင်ဖြစ်သည်။ လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်မှစ၍ ပေါ်ပေါက်လာသည့် လက်နက်ကိုင်ပဋိပက္ခပြဿနာများကို ဆွေးနွေးလာခဲ့ကြသည်မှာ နှစ်ပေါင်း ၇၀ ကျော်၊ ၈၀ နီးပါးသို့ပင် ရောက်ရှိလာပြီဖြစ်သည်။ အဖြေမထွက်သည့်ပုစ္ဆာများဖြင့်သာ သံသရာလည်နေသဖြင့် ယနေ့ထက်တိုင် ငြိမ်းချမ်းရေးနှင့် မနီးနိုင်သေးသည်မှာ စိတ်မကောင်းစရာဖြစ်သည်။ မငြိမ်းချမ်းမှုကို အစပျိုးပေးခဲ့သည့် ပါဝင်ပတ်သက် သက်ဆိုင်သူများလည်း မရှိတော့ပြီ။ နောက်မျိုးဆက်များ က အမုန်းတရားများ၊ သံသယများကို ဆက်လက်သယ်ဆောင်ပြီး ပြဿနာကို ခေါ်ဆောင်လျက်ရှိသဖြင့် ပဋိပက္ခများ လောင်ကျွမ်းနေဆဲဖြစ်သည်။
ငြိမ်းချမ်းရေးအတွက် အားလုံးအကျေအလည်ဆွေးနွေးပြီး ရရှိလာသည့်အချက် များဖြင့် NCA ပေါ်ထွက်လာခဲ့သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဖြစ်သည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ NCA စာချုပ်သည် အလွယ်တကူ ဖြစ်ပေါ်လာသည့် စာချုပ်မဟုတ်ပေ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ဖိတ်ခေါ်ခဲ့သည့်နေ့မှစ၍ ဆွေးနွေးမှုအကြိမ်ရေ ၅၀၀၀ ကျော်အထိပြုလုပ်ပြီးမှ ရရှိခဲ့သည့်စာချုပ်ဖြစ်သည်။ NCA စာချုပ်ဖြစ်ပေါ်လာစေရန် ဆွေးနွေးညှိနှိုင်းခဲ့စဉ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးနီးပါး ပါဝင်ခဲ့သည်။ လက်မှတ်ရေးထိုးချိန်တွင် အားလုံးမပါဝင် တော့သဖြင့် မငြိမ်းချမ်းမှုသံသရာမှာ လည်မြဲလည်နေခြင်းဖြစ်သည်။
ယခု တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့် (၁၀) နှစ်ပြည့်ကာလသို့ပင် ရောက်ရှိခဲ့ပြီဖြစ်သည်။ ယုံကြည်မှု၊ နားလည်မှု၊ အပေးအယူရှိမှု၊ သည်းခံမှုများဖြင့် ပြည်ထောင်စုကြီး တစ်ခုလုံး၏ အကျိုးကိုရည်မျှော်ပြီး မူလပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ကြိုးစားစဉ်ကကဲ့သို့ပင် အားလုံးပါဝင်ပြီး ပြန်လည်ညှိနှိုင်းဆွေးနွေးအဖြေရှာကာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာကြိုးပမ်းကြရမည်ဖြစ်သည်။ မိမိဒေသအရေးထက် နိုင်ငံအရေး၊ ကမ္ဘာ့အရေးတို့ကိုပါထည့်တွက်၍ ဆင်ခြင်သုံးသပ်ဆုံးဖြတ်ရမည့်အချိန်အခါဖြစ်သည်။
ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာခဲ့သည့်နိုင်ငံများမှာ ယခုအချိန်အခါတွင် တစ်နိုင်ငံပြီးတစ်နိုင်ငံ ငြိမ်းချမ်းရေးရရှိသွားကြပြီဖြစ်သည်။ ငြိမ်းချမ်းပြီးနောက် တိုင်းပြည်ပင် ပြာပုံဘဝမှ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဘဝသို့ ရောက်ရှိနေသည့်နိုင်ငံများကို မြင်တွေ့ရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် လက်နက်ကိုင်ပဋိပက္ခ သက်တမ်းအရှည်ကြာဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံနှင့် အစ္စရေး-ပါလက်စတိုင်းတို့သာကျန်တော့သည်။ ဂါဇာဒေသ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲကို အောက်တိုဘာ ၁၃ ရက်က အီဂျစ်နိုင်ငံတွင် ကျင်းပခဲ့ရာ အဆိုပါထိပ်သီးဆွေးနွေးပွဲတွင် အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သည် ငြိမ်းချမ်းရေးအတွက် အပြီး သတ်ဆောင်ရွက်ခြင်းမဟုတ်သော်လည်း အပစ်အခတ်ရပ်စဲလိုက်ခြင်း၏ အကျိုးရလဒ်များကို နှစ်နိုင်ငံပြည်သူများ ချက်ချင်းလက်ငင်း ရရှိခံစားကြရသည်။ အစ္စရေး-ဟားမတ်စ်ပဋိပက္ခကြောင့် နှစ်နိုင်ငံ ထိခိုက်ပျက်စီးဆုံးရှုံးလျက်ရှိရာ အထူးသဖြင့် ဟားမတ်စ်ပြည်သူများဘက်တွင် ထိခိုက်နာကျင်ခံစားမှုများ များပြားခဲ့သည်။ ယခုအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိလိုက်သည်နှင့် ဖမ်းဆီးခံရသော ပါလက်စတိုင်းအကျဉ်းသားများ ဂါဇာဒေသသို့ ပြန်လည်ရောက်ရှိလာသည်။ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထိုနေ့တွင်ပင် ဂါဇာဒေသသို့ ရောက်ရှိလာသည်။ ပြည်သူများမှာ ဝမ်းမြောက်ပျော်ရွှင်ချမ်းမြေ့ကြရာ အဆိုပါမြင်ကွင်းသတင်းများကို မြင်တွေ့ကြရသည့် ကမ္ဘာ့ပြည်သူအပေါင်းတို့ပါ အပျော်ကူးစက်ခံစားကြရသည်။
သို့ဖြစ်ရာ ငြိမ်းချမ်းရေးအတွက်၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာ ကျန်တော့သည်ဟုဆိုရမည်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ပဋိပက္ခများသည် ဖြစ်ပွားလိုက်၊ အဆုံးသတ်လိုက်၊ ရပ်ဆိုင်းလိုက်ဖြစ်ကြစေကာမူ အပေါင်းလက္ခဏာများဆောင်ခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် NCA စာချုပ်(၁၀)နှစ်ပြည့်ကာလတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံသားအားလုံးသာမက ကမ္ဘာ့ပြည်သူများအားလုံးကပါ စိတ်ဝင်စားနေကြ၊ စောင့်မျှော်နေကြပါကြောင်း။ ။