Skip to main content

တရုတ်နိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်များနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ညှိနှိုင်းသည့်အစည်းအဝေးကျင်းပ ရန်ကုန်မြို့နှင့် ချန်ဒူးမြို့ တိုက်ရိုက်လေကြောင်းလိုင်းနှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရေးကိစ္စရပ်များဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၁၄

နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှမန်ခရီးစဉ်၊ ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့ခရီးစဉ်များနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အစိုးရ၊ ပုဂ္ဂလိကကဏ္ဍတို့အကြား ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံး အမှတ် (၁)၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။

အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးချစ်ဆွေ၊ ဘာသာရပ်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဆောင်၍ ညီနောင် အသင်းများဖြစ်သော မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း၊ မြန်မာ့သဘာဝရော်ဘာ ရေရှည်တည်တံ့မှု ဖော်ဆောင်ရေးအသင်း၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ရေလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရေထွက်ကုန်ပစ္စည်းများတင်ပို့ရေးကိစ္စရပ်များဆွေးနွေး

ဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ တရုတ်ပြည်သူ့သမ္မတ နိုင်ငံခရီးစဉ်လမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍ ယွမ်ငွေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လက်ခံဆောင်ရွက်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၌ နည်းပညာမြှင့်တင်၍ ရင်းနှီး မြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ် နှံမှုများ တိုးမြှင့်နိုင်ရေး၊ သတ္တုဆင့်တက်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ မိမိတို့နိုင်ငံ၏ ပြည်တွင်း ထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် အဆိုပါကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှုများစီးဝင်ရေး၊ AI အပါအဝင် နည်းပညာမြှင့်တင်နိုင်ရေးအတွက် တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့် ချိတ်ဆက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ ရန်ကုန်မြို့နှင့် ချန်ဒူးမြို့တိုက်ရိုက်လေကြောင်း လိုင်းနှင့် ရေထွက်ကုန်ပစ္စည်း များ တင်ပို့ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖူကျန်ပြည်နယ် ရှမန်ခရီးစဉ် တွင် ရှမန်မြို့၌ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြပွဲတွင် မြန်မာ နိုင်ငံစီးပွားရေးလုပ်ငန်းများက ပြခန်းဝင်ရောက်ပြသ နိုင်ခဲ့မှုအခြေအနေနှင့် စီးပွားရေး အဆက်အသွယ်များ၊ ခရီးစဉ်အတွင်း ရှမန်နှလုံးသွေးကြောဆိုင်ရာ အထူးကုဆေးရုံကြီးနှင့် ဆေးပညာရပ်ပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးအတွက် နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ခဲ့မှုအပေါ် လုပ်ငန်းခွင်သင်တန်း၊ လက်တွေ့ကုသရေးသင်တန်း သားများ ရွေးချယ်စေလွှတ်ရေး အခြေအနေများနှင့် ရန်ကုန်မြို့နှင့် ရှမန်မြို့ တိုက်ရိုက်လေ ကြောင်းလိုင်း ပြေးဆွဲနိုင်ရေးနှင့် မြန်မာနိုင်ငံမှ ရေထွက်ကုန်များနှင့် ဆန်ကို တိုးမြှင့်တင်ပို့နိုင်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရှင်းလင်းပြော ကြားသည်။

ကဏ္ဍအလိုက်ဆွေးနွေး

ထို့ပြင် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့ခရီးစဉ် တွင်လည်း မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ကုန်သွယ်‌ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေး တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံအကြားကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အသေးစိတ်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ ဘယ်လာရုစ်နိုင်ငံသို့ ဆန်၊ ရော်ဘာ၊ ချုပ်ပြီးအဝတ်အထည်နှင့် ရေထွက်ပစ္စည်းများ တင်ပို့ နိုင်ရေးကိစ္စရပ်များ၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးနှင့် ဆေးဝါးကဏ္ဍ၌ ဆေးဝါးနှင့် ဆေးကိရိယာပစ္စည်းများ အထူးသဖြင့် ကင်ဆာရောဂါ ကုသရေးဆေးဝါးများ တင်သွင်းဆောင်ရွက်ရေး၊ ဘယ်လာရုစ် နိုင်ငံထုတ် လယ်ယာသုံးစက်ကိရိယာ ပစ္စည်းများ အရောင်းပြခန်းဖွင့်လှစ်မိတ်ဆက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံခရီးသွားကဏ္ဍတို့အကြား Package Tour များ စီစဉ်ဆောင်ရွက်ရေး၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ ဖော်ထုတ်ရေး ဆွေးနွေးခဲ့ပါကြောင်း၊ အဆိုပါကဏ္ဍများနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရန်အတွက် ဖိတ်ကြားထားသည့် သက်ဆိုင်ရာဌာနများနှင့် အဖွဲ့ အစည်းများက ကဏ္ဍအလိုက် ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ ဘယ်လာရုစ်နိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်လာရေးအတွက် ဆောင်ရွက်မှုအခြေအနေများ၊ ထို့အတူအာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့်ကုန်သွယ်မှု တိုးတက်မြင့်မားလာစေရေး ဆောင်ရွက်နေမှုအခြေ အနေများ၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံဖြစ်သဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို တရုတ်ယွမ်ငွေဖြင့် လက်ခံဆောင်ရွက်နိုင်ရေး အခြေအနေများ၊ နယ်စပ် ကုန်သွယ်မှု လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများ တိုးမြှင့်စေရေးအတွက် ဆက်လက်ဆောင် ရွက်သင့်သည့် အခြေအနေများ၊ သွင်းကုန်အစားထိုး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်ဆောင်ရွက်မှုအခြေ အနေများ၊ EV မော်တော်ယာဉ် တင်သွင်းထုတ်လုပ်မှု နှင့်စပ်လျဉ်း၍ SKD၊ CKD စနစ်မှတစ်ဆင့် MSME လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့် စပ်လျဉ်း၍ဈေးကွက် လိုအပ်ချက်နှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ရေး၊ ဈေးကွက်သတင်းရရှိရေး အတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့ များအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရေးကိစ္စရပ်များ၊ ဘယ်လာရုစ်နိုင်ငံသို့ ဆန်၊ ရော်ဘာနှင့် ရေထွက်ပစ္စည်းများတိုးမြှင့် တင်ပို့နိုင်ရေးတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအသင်း အဖွဲ့များက ကြိုတင်ပြင်ဆင်ထားရှိရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်းနှင့် တက်ရောက်လျက်ရှိသော စီးပွားရေးအဖွဲ့အစည်းများကလည်း လိုအပ်သည်များ အကြုံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက မြန်မာ နိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်မှုအခြေအနေ၊ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား စာချုပ် ချုပ်ဆို ဆောင်ရွက်ထားရှိမှုအခြေအနေ၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်ရေး၊ ကုန်စည်ပြပွဲနှင့် စီးပွားရေးဖိုရမ်များ ကျင်းပပြုလုပ်နိုင်ရေး၊ စက်မှုနှင့်နည်းပညာပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် တက်ရောက်လာသည့် တာဝန်ရှိသူများက နယ်ပယ်ကဏ္ဍအလိုက် ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။        

သတင်းစဉ်