Skip to main content

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦး၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ CPU အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှုများမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားဖြစ်စေသကဲ့သို့ လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တများ ပျက်စီးပြီးတရားမျှတသည့် ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခြင်းဖြင့် အဂတိကင်းရှင်းသော လူမှုအသိုက်အဝန်းကို တည်ဆောက်ကြစေလိုကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထု တစ်ရပ်လုံး၏ အကျိုးစီးပွား တိုးတက်ဖွံ့ဖြိုးအောင်ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်း များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန်တိုက်တွန်းမှာကြားသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် အဂတိ လိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်နှင့် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ဆောင်ရွက်လျက် ရှိကြောင်း၊ ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းအသီးသီးက အားလုံး ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းတိုက်တွန်းပြောကြား သည်။

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်း ဇော်သန့်က“အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ”နှင့်စပ်လျဉ်း ၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်းက “အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး အစည်းအဝေး တက်ရောက်လာကြသော ဝန်ထမ်းများ၏ သိရှိလိုသည်များ မေးမြန်းမှုများအပေါ် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦး ခေါင်းဆောင်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit–CPU) မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ အပြန်အလှန် ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်