Skip to main content

ကျောက်မဲမြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများ၌ ကျောင်းအပ်နှံမှုများလက်ခံ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအား အောက်တိုဘာ ၈ ရက်မှစတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့တွင် အမှတ်(၄)အခြေခံ ပညာအထက် တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းလာရောက်အပ်နှံမှုအနေဖြင့် ကျောင်းသား/ ကျောင်းသူ ၂၅၄ ဦး ထပ်မံကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၂၇၆၀ ဦး ကျောင်းတက်ရောက်လျက်ရှိပြီးတည်ငြိမ်အေးချမ်းလျက်ရှိသည့် ဒေသမှ ကျောင်းသား/ ကျောင်းသူများနည်းတူ စာပေပညာများကို စိတ်အေးချမ်းသာစွာသင်ကြား လျက်ရှိကြောင်းသိရှိရသည်။

အဆိုပါ ထပ်မံကျောင်းအပ်နှံသည့် ကျောင်းသား/ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါတည်းပေးအပ်ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများကလိုအပ်သည်များဆောင်ရွက် ပေးကြသည်။

ထို့ပြင် ကျောက်မဲမြို့သို့ ပြန်လည်ဝင်ရောက်လာသည့်ဒေသခံပြည်သူများအား အိမ်ထောင်စုစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်းတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေး ကြသည်။

၎င်းအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူ သွားလာနေထိုင်လျက်ရှိသည့် နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပြီး ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှဆရာဝန်များ၊ သူနာပြုများပူးပေါင်း၍ ကျောက်မဲမြို့ လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်ပြင်ပလူနာ ၁၀၆ ဦးနှင့် ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာ ၅ ဦးတို့ကို လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။