ပြည်သူများလိုလားသည့် ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာ၌ ရွေးကောက်ပွဲတွင် ပါဝင်မဲပေးခြင်းဖြင့် ပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုပြီး ပြည်သူလူထုအကျိုးကို အမှန်တကယ်သယ်ပိုးဆောင်ရွက်ပေးနိုင်မည့် ကိုယ်စားလှယ်စစ်စစ်များကို ရွေးချယ်ပေးရမည်ဖြစ်သည်။ ရွေးကောက်ပွဲဟူသည် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာ၌ ပြည်သူများ ပါဝင်ဆောင်ရွက်ရမည့် ကနဦးလုပ်ငန်းစဉ်ဖြစ်သည်။ ဒီမိုကရေစီဆိုသည်မှာ ပြည်သူ့အစိုးရ တစ်နည်းအားဖြင့် ပြည်သူအုပ်ချုပ်ခြင်းဖြစ်၍ ရွေးကောက်ပွဲဖြင့် ပြည်သူ့ကိုယ်စား ဆောင်ရွက်ပေးရမည့်သူကို ရွေးချယ်ပေးရမည် ဖြစ်သည်။
ယခုအခါ ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၇၀ ကျော်သာလိုတော့သည်ဖြစ်၍ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်မည့် ကိုယ်စားလှယ်များကို ရွေးချယ်နိုင်ရန်အတွက် အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသူ နိုင်ငံသားတိုင်းအနေဖြင့် မဲစာရင်းများကို သွားရောက်ကြည့်ရှုကြရန်လိုအပ်မည်ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲစာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့အထိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးခဲ့ရာ မဲစာရင်းများ ကြည့်ရှုသူ မကျန်ရှိစေရန်အတွက် ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို အောက်တိုဘာလ ၂၀ ရက်နေ့အထိ ခုနစ်ရက် ထပ်မံတိုးမြှင့်၍ ကြေညာပေးထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဩဂုတ်လ ၁၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အသီးသီးတို့ကို အသိပေးကြေညာခဲ့ပြီးဖြစ်သည်။ ဩဂုတ်လ ၁၈ ရက်နေ့တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်းနှင့် ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်သည်။ ဩဂုတ်လ ၂၀ ရက်နေ့တွင် ရွေးကောက်ပွဲအပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ်များကိုလည်း သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများစာရင်းကို သက်ဆိုင်ရာတို့က စိစစ်အတည်ပြုပြီး မကြာမီအသိပေးထုတ်ပြန် ကြေညာသွားမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိ၏အမည်စာရင်းဖြစ်စေ၊ မိမိ၏မိသားစုအမည်စာရင်းဖြစ်စေ ပါ/မပါ သွားရောက်ကြည့်ရှုစစ်ဆေးရမည်ဖြစ်သည်။ နိုင်ငံအတွင်းရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူ ပြည်သူများ၏စာရင်းကို ပြုစုရာ၌ အမှားအယွင်းများပါရှိနိုင်သည်။ ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမှန်သမျှ မဲပေးခွင့်ရှိသည်။ မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည်မပါလျှင် ပုံစံ (၃) ဖြင့် အမည်စာရင်းထည့်သွင်းပေးရန် တောင်းဆိုနိုင်သည်။
မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်နိုင်သည်။ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းကို ဆောင်ရွက်နိုင်သည်။ ထိုသို့ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း နောက်ဆုံးအကြိမ်အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထပ်မံအသိပေးကြေညာပေးမည်ဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အဆိုပါကာလအတွင်း လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများကို ထပ်မံလုပ်ဆောင်နိုင်သည့် အခွင့်အရေး ရှိသည်။
မဲဆန္ဒရှင်များအနေဖြင့် အကယ်၍ မိမိနေရပ်သို့ပြန်၍ မဲပေးလိုခြင်းမရှိပါက လက်ရှိနေရာတွင် မဲပေးနိုင်ရေး အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း ရောက်ရှိနေသော မြို့နယ်တွင် မိမိအမည်စာရင်းကို ထည့်သွင်းပေးပါရန် တောင်းဆိုလွှာပုံစံ (၃-က) ဖြင့် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်မတိုင်မီ ရက်ပေါင်း ၆၀ ထက် နောက်မကျစေဘဲ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံသို့ တင်ပြလျှောက်ထားနိုင်သည်။
သို့ဖြစ်ရာ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ရန် မဲဆန္ဒရှင်ပြည်သူများ၏ အခန်းကဏ္ဍသည် ပထမဦးစွာ အရေးကြီးသောလုပ်ငန်းစဉ်ဖြစ်ရာ ပြည့်စုံမှန်ကန်သော မဲစာရင်းများ ပေါ်ထွက်လာစေရန်အတွက် မဲဆန္ဒရှင်ကိုယ်တိုင်သော်လည်းကောင်း၊ အိမ်ထောင်စုတစ်စုလျှင် တစ်ဦးအနေဖြင့်သော်လည်းကောင်း မပျက်မကွက် လာရောက်ကြည့်ရှု၍ လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ပါရန် အလေးအနက်တိုက်တွန်းအပ်ပါကြောင်း။ ။