နေပြည်တော် အောက်တိုဘာ ၁၂
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကိုယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်နှင့်ဧရာဝတီတိုင်းဒေသကြီးဇုန်(၂)ဇုန်ရှိ သက်ဆိုင်ရာအားကစားကွင်းများ၌ ဆက်လက်ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်ပရိသတ်များ တစ်ခဲနက်လာရောက်ကြည့်ရှုအားပေးကြသည်။
ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ မကွေးတိုင်းဒေသကြီးအသင်းနှင့်ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နှစ်ဖက်ဂိုးမရှိသရေရလဒ်ဖြင့်လည်းကောင်း၊ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ကချင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မွန်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို လေးဂိုး-ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိသည်။
အဆိုပါ ပြိုင်ပွဲအုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဇုန်(၄)ဇုန်ခွဲ၍ အောက်တိုဘာ ၁၈ ရက်အထိကျင်းပခြင်းဖြစ်ပြီး ရှုံးထွက်ပွဲစဉ်များ၊ တတိယလုပွဲ ပွဲစဉ်နှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို အောက်တိုဘာ ၂၁ ရက်၊ ၂၃ ရက်နှင့် ၂၅ ရက်တို့တွင် ရန်ကုန်မြို့ရှိ အားကစားကွင်းများတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၁၃ ရက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ ၃ နာရီမှစတင်ကာ ဘားအံမြို့ဇွဲကပင်အားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်း၊ ပဲခူးမြို့အားကစားဥယျာဉ်ကွင်း၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည့်အတွက် အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့်မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်