နေပြည်တော် အောက်တိုဘာ ၁၂
မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် Myanmar Blue Sky Rescue Development Council တို့ ပူးပေါင်း၍ ငလျင်ဘေးသင့်ပြည်သူများအတွက် ပေးပို့လှူဒါန်းထားသော ဆိုလာမီးအိမ် အလုံး ၃၀၀ နှင့် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅၀၁၀၀ တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငလျင်ဘေးသင့်ဝန်ထမ်းအိမ်ထောင်စု ၅၀၀ နှင့် အောင်မြေသာစံမြို့နယ် ငလျင်ဘေးသင့် အိမ်ထောင်စု ၁၅၀၀ တို့အတွက် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် ကမ်းနားလမ်းရှိ ကြင်းတောယန် ဗုဒ္ဓဘာသာကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှတာဝန်ရှိသူများ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့်အသင်းခွဲ(မန္တလေး)တို့မှ ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ အသင်းအဖွဲ့များ၊ Myanmar Blue Sky Rescue Development Council မှတာဝန်ရှိသူများ၊ ငလျင်ဘေးသင့်ပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းခွဲ(မန္တလေး)ဥက္ကဋ္ဌ ဦးကျော်မင်းတို့က နှစ်နိုင်ငံချစ်ကြည်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင်အသင်းမှပါဝင်ဆောင်ရွက်နေမှုများ၊ မန္တလေးငလျင်ကြီးနှင့်ပတ်သက်၍ ငလျင်ကာလနှင့်ငလျင်အလွန်ကာလများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ငလျင်ဘေး သင့်ဝန်ထမ်းအိမ်ထောင်စု ၅၀၀ အတွက် လှူဒါန်းပစ္စည်းများကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် အသင်းခွဲ(မန္တလေး)တို့မှ တာဝန်ရှိသူများက အောင်မြေသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်များမှ ငလျင်ဘေးသင့်ပြည်သူများထံ လှူဒါန်းပစ္စည်းများ ပေးအပ်ကြသည်။
ယမန်နေ့ကလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ မန္တလေး တိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ဆက်စပ်ပစ္စည်းများ မန္တလေးမြို့သို့ ရောက်ရှိလာမှုကို ကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မဲပေးစက်(MEVM)နှင့်ဆက်စပ်ပစ္စည်းများ ပျက်စီးမှုများမရှိစေရေး အထူးဂရုစိုက်ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားပြီး စက်ပစ္စည်းများ စီစဉ်နေရာချထားမှုကို ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် အောင်မြေသာစံမြို့နယ်ရှိ မန်းအောင်ဆွေလင်း ဘော်လီဘောကလပ်တွင်ကျင်းပသည့် အဆင့်မြင့်အလွတ်တန်းဖိတ်ခေါ် အမျိုးသားဘော်လီ ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ တက်ရောက်ပြီး မန်းအောင်ဆွေလင်းအသင်းနှင့် မျိုးဆက်သစ်အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးရာ ပြိုင်ပွဲအပြီးတွင် မန်းအောင်ဆွေလင်းအသင်းက အနိုင်ရဗိုလ်စွဲ၍ ပထမဆုကိုဆွတ်ခူးရရှိသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက ဆုရရှိကြသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်