Skip to main content

ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်အနုပညာ နှစ်ပေါင်းရာထောင် ရှည်ကြာအောင်ထိန်းသိမ်း

သီဆိုခြင်း၊ တီးမှုတ်ခြင်း၊ ကခုန်ခြင်းတို့မှာ သဘင်ပညာတွင်ပါဝင်၍ တေးသီချင်းသီဆိုနိုင်ရန် ရေးဖွဲ့ခြင်းမှာလည်း အပါအဝင်ပင်ဖြစ်သည်။  မြန်မာ့သဘင်ပညာသည်    ရာစုခေတ်မှစ၍ မြန်မာနိုင်ငံအောက်ပိုင်းတွင် သထုံ၊ ဟံသာဝတီစသော မွန်တို့၏ဒေသ၊ မြန်မာနိုင်ငံအလယ်ပိုင်းတွင် သရေခေတ္တရာပျူတို့၏ဒေသ စသည်တို့၌ ဝေဝေဆာဆာထွန်းကားနေခဲ့ပြီဖြစ်သည်။ အဆိုပါဒေသများတွင် သုတေသနပြု တူးဖော်မှုများမှ သီဆိုဟန်၊ တီးမှုတ်ဟန်၊ ကခုန်ဟန်တို့ပါဝင်သည့် စဉ့်ကွင်းများကိုတွေ့ရှိခဲ့ရာ အရပ်သူ၊ အရပ်သားပြည်သူများအတွင်း၌ပါ သီဆိုတီးမှုတ်ကခုန်သည့် အလေ့အထတို့ရှိနေပြီဟု သုတေသီတို့က ယူဆကြသည်။

၈ ရာစုခေတ်တွင် ပျူယဉ်ကျေးမှုအဖွဲ့တစ်ခု တရုတ်နိုင်ငံ၏ မင်းနေပြည်တော်သို့   ရောက်ရှိခဲ့ကြောင်းရေးမှတ်ထားသည့် တရုတ်မှတ်တမ်းများမှာမူ ခိုင်မာတိကျလှသည့် မှတ်တမ်းများဖြစ်ပြီး မှတ်တမ်းပါအချက်အလက်များအရ ပျူယဉ်ကျေးမှုအဖွဲ့သည်   အဆင့်အတန်းမြင့်မားပြီး   အဆန်းတကြယ်တင်ဆက် ဖျော်ဖြေနိုင်သည့်အဖွဲ့ဖြစ်သည်ဟု သိရှိကြရသည်။ ပျူယဉ်ကျေးမှုအဖွဲ့၏    တူရိယာတီးမှုတ်မှုများတွင်     ကြေးဖြင့်ပြုလုပ်သော တူရိယာ၊ ခရုသင်းစသောအရာဝတ္ထုဖြင့်ပြုလုပ်သော တူရိယာ၊ ကြိုးတပ်တူရိယာ၊ ဆင်စွယ်ဖြင့်ပြုလုပ်သော တူရိယာ၊ ဘူးသီးဖြင့်ပြုလုပ်သော  တူရိယာ၊   ဦးချိုဖြင့်ပြုလုပ်သော   တူရိယာစသည်ဖြင့် အမျိုးမျိုးအပြားပြားသော တူရိယာများပါရှိသည်။

ကချေသည်များသည်  ပန်းနုရောင်ခါးဝတ်၊   ပန်းနုရောင် တဘက်၊ ကျောက်စီလက်ကောက်၊ လက်ကြပ်တို့ကို ဆင်ယင်ကြပြီး ရွှေမကိုဋ်၊ ရွှေစည်းပုံတို့ကို ဆောင်းထားကြကာ နှစ်ယောက်တွဲ၊ လေးယောက်တွဲမှသည် ဆယ်ယောက်တွဲအထိ ဂီတစည်းချက်နှင့်အညီ၊ ဘယ်ညာယိမ်းနွဲ့ မြှောက်ချီကော့ညွတ်၍ ကကြိုးစုံလင်၊ လှပစွာတညီတညာတည်း ကကြသည်ဟု မှတ်တမ်းတွင် ဆိုထားသည်။ သီဆိုသောသီချင်း တစ်ဆယ့်နှစ်မျိုးရှိပြီး အများ အားဖြင့် ဘုရားဂုဏ်တော်ကို  ချီးကျူးပူဇော်သည့် သီချင်းများ ဖြစ်ကြသည်။   ထို့အပြင် အင်ကြင်းပန်းဘွဲ့၊   ဥချိုးငှက်ဘွဲ့၊ ကြိုးကြာငှက်ဘွဲ့၊ အောင်တော်မူခြင်းဘွဲ့၊ ဘုန်းတော်ဘွဲ့၊ ဥဒေါင်း မင်းဘွဲ့၊ ဟင်္သာဘွဲ့၊ စားတော်ခေါ်ခြင်းဘွဲ့၊ ပျော်တော်မူခြင်းဘွဲ့ဟူ၍လည်း ရှိကြသည်ဟုဆိုသည်။   ပျူယဉ်ကျေးမှုအဖွဲ့၏ အဆန်းတကြယ်သီဆိုတီးမှုတ်ကခုန်ဖျော်ဖြေမှုများက တရုတ် မင်းဧကရာဇ်နှင့်တကွ နန်းတွင်းသူ၊ နန်းတွင်းသား တော်ဝင်အသိုင်းအဝိုင်းကြီးကိုပါ အနုပညာစွမ်းပကားဖြင့် ညှို့ယူဖမ်းစားနိုင်ခဲ့သည်ဟု ဆိုသည်။

ဤသို့လျှင် မြန်မာ့ယဉ်ကျေးမှု အနုပညာသည် တရုတ်နှင့် အိန္ဒိယကဲ့သို့သော အဆင့်အတန်းမြင့်မားလှသည့် ယဉ်ကျေးမှုကိုပိုင်ဆိုင်ထားကြသည့်  နိုင်ငံကြီးများကြားတွင်  ကိုယ့်ရေကိုယ့်မြေမှကိုယ်ပိုင်ဟန်ဖြင့် ပေါ်ပေါက်ထွန်းကားလာခြင်းဖြစ်သည်။ ကိုယ်ခံစွမ်းအားကောင်းသည့်  မြန်မာ့ယဉ်ကျေးမှု အနုပညာသည် နှစ်ပေါင်း  ၁၅၀၀  ကျော် သမိုင်းတစ်လျှောက် အိမ်နီးချင်းနိုင်ငံများမှ ယဉ်ကျေးမှုအနုပညာများ၊ မြန်မာတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအနုပညာများ၊ နိုင်ငံရပ်ခြားမှဝင်ရောက်လာသည့် အနုပညာများကိုပါ  မြန်မာမှုပြုကာ ပေါင်းစည်းစေလျက် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအနုပညာများကို ပိုမိုပြည့်စုံကြွယ်ဝလာစေခဲ့ သည်။ ထို့အပြင် ယဉ်ကျေးမှုအနုသုခုမပညာရပ်များ မပျောက်မပျက်အောင်၊ ရှေးမူရှေးဟန် မပျက်တည်တံ့ခိုင်မြဲအောင်လည်း ခေတ်အဆက်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။

နေပြည်တော်တွင် ကျင်းပပြီးစီးခဲ့သည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင်မျိုးဆက်သစ်များ ပိုမိုများပြားလာသကဲ့သို့ အနုပညာအရည်အသွေးအားဖြင့်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်မြင့်မားလာကြောင်း သိရှိရသည်။ ထို့အပြင် မိမိတို့ နိုင်ငံ၊ မိမိတို့လူမျိုး ပိုင်ဆိုင်သည့် ရိုးရာယဉ်ကျေးမှုအနုပညာများ ကို မိမိတို့ထိန်းသိမ်းစောင့်ရှောက်ရမည်ဟူသော အသိတရားများကိုလည်း မျိုးဆက်သစ်လူငယ်များက စွဲမြဲစွာခံယူလျက်ရှိကြရာ ဆို က ရေး တီးပြိုင်ပွဲကြီးများ နှစ်စဉ်မပြတ်  ဂုဏ်သိက္ခာကြီး သည်ထက်ကြီးစွာ ဆင်ယင်ကျင်းပခြင်းဖြင့် တွန်းအားပေး မြှင့်တင်သွားကြရပါမည့်အကြောင်း။