Skip to main content

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ပွဲစဉ်များစတင်ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကကြီးမှူး၍ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဇုန်လေးဇုန်ခွဲ၍ သက်ဆိုင်ရာဇုန်များအလိုက် အားကစားကွင်းများ၌ စတင်ကျင်းပသည်။

ဘောလုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဖက်စလုံးဂိုး(မရှိ) သရေရလဒ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၁ ဂိုး - ဂိုးမရှိ ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ဧရာဝတီတိုင်း ဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်(၁)ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးပဲခူးမြို့ အားကစားဥယျာဉ်ကွင်း၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို ၈ ဂိုး - ဂိုးမရှိဖြင့် လည်းကောင်း အနိုင်ရရှိကြသည်။

ဗိုလ်လုပွဲများ ဆက်လက်ကျင်းပ

အဆိုပါ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲကို အောက်တိုဘာ ၁၈ ရက်အထိ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဇုန်(၄)ဇုန်ခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်၊ ၂၃ ရက်နှင့် ၂၅ ရက်တို့တွင် ကျင်းပမည့် ရှုံးထွက်ပွဲစဉ်များ၊ တတိယလုပွဲ ပွဲစဉ်နှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အားကစားကွင်းများ၌ ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။

အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်

အောက်တိုဘာ ၁၂ ရက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်းလွဲ ၃ နာရီမှစတင်၍ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ မကွေးတိုင်းဒေသကြီး အသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ကချင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်