Skip to main content

မူးယစ်မှောင်ခိုအကြမ်းဖက် ပြည်သူအားဖြင့် ဝိုင်းဝန်းတိုက်ဖျက်

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၁၉၅ ဒသမ ၈၅ ဘီလီယံခန့်တန်ဖိုးရှိ အိုက်စ် ၃၄၃၈ ကီလိုဂရမ်နှင့် ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်တို့ကို မကြာသေးမီက ဖမ်းဆီးရမိခဲ့သည်။ ၎င်း၏အင်အားတည်ဆောက်မှုအတွက် လိုအပ်သောငွေကြေးကို ရရှိနိုင်ရန် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုကို စီးပွားရေးလုပ်ငန်းတစ်ခုသဖွယ် လုပ်ကိုင်နေသော AA ၏ လုပ်ရပ်မှာ မြန်မာနိုင်ငံအတွက်ရော၊ အိမ်နီးချင်းနိုင်ငံ၊ ဒေသတွင်းနိုင်ငံများအတွက်ပါမက လူသားမျိုးနွယ်တစ်ရပ်လုံးအတွက်ပါ အန္တရာယ်ကြီးသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းမှ ယခုနှစ် စက်တင်ဘာလ တတိယပတ်အထိ ၂၃ လမျှသောကာလအတွင်း AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ မူးယစ်ဆေးဝါးဖမ်းမိမှု စုစုပေါင်း ၁၀ ကြိမ်ရှိခဲ့ပြီး ဖမ်းမိမူးယစ်ဆေးဝါးများမှာလည်း စိတ်ကြွရူးသွပ်ဆေးပြား အပြားရေစုစုပေါင်း ၂၉၃၀၀၀၀၀၊ အိုက်စ် စုစုပေါင်း ၂၅၇၂၀ ဒသမ ၂ ကီလိုဂရမ်၊ ကတ်တမင်း စုစုပေါင်း ၈၃၉၇ ကီလိုဂရမ်၊ ကဖင်း ၈၀၀ ကီလိုဂရမ်ရှိပြီး တန်ဖိုးအားဖြင့် ငွေကျပ်ဘီလီယံပေါင်း ၁၁၆၃ ဒသမ ၀၁၅ အထိ ပမာဏများပြားသည်။ ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့၊ ယင်းမှတစ်ဆင့် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်သို့၊ ရန်ကုန်မှတစ်ဆင့် မလေးရှားသို့ စသည်ဖြင့် လမ်းကြောင်းအမျိုးမျိုးမှ သယ်ယူပို့ဆောင်နေကြခြင်းဖြစ်ရာ အချို့ကိုပြည်တွင်းရှိ နေရာအသီးသီး၌လည်းကောင်း၊ အချို့ကို မြန်မာ့ပိုင်နက်ပင်လယ်ပြင်၌လည်းကောင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုလုပ်ငန်းမှ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရရှိသည့် လွန်စွာများပြားလှစွာသော ငွေကြေးအကျိုးအမြတ်များမှာ ၎င်းတို့၏ အကြမ်းဖက်အဖျက်လုပ်ရပ်များအတွက် အသက်သွေးကြောသဖွယ်ဖြစ်သည်။ AA လုပ်ကိုင်ရောင်းဝယ်နေသည့် မူးယစ်ဆေးဝါးများက ရခိုင်လူငယ်များအပါအဝင် လူသားအားလုံးအတွက် အန္တရာယ်ဖြစ်သလို အကြမ်းဖက်အဖျက်လုပ်ရပ်များကလည်း နိုင်ငံနှင့်လူမျိုးအတွက် အန္တရာယ်ပင်ဖြစ်ရာ နှစ်ထပ်ကွမ်းအန္တရာယ်ပေးနေခြင်းဖြစ်သည်။ ဆယ်စုနှစ်တစ်ခုမက ကြာမြင့်လာခဲ့ပြီဖြစ်သော AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုလုပ်ငန်းမှာ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိဘဲ လွတ်မြောက်သွားသည့်ပမာဏများမှာလည်း လွန်စွာများပြားမည်ဖြစ်ရာ ၎င်းမူးယစ်ဆေးဝါးများ ရောက်ရှိသွားရာနိုင်ငံများ၊ ဒေသများမှ လူငယ်လူရွယ်များကို မူးယစ်နွံအတွင်း ကျရောက်စေမည်ဖြစ်ပြီး လူမှုရေး၊ ကျန်းမာရေးနှင့် လူသားအရင်းအမြစ်ဆိုင်ရာ ပြဿနာဝန်ထုပ်ဝန်ပိုးများနှင့် ရင်ဆိုင်ကြရမည်ဖြစ်သည်။

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုကို အိမ်နီးချင်းတစ်ဖက်နိုင်ငံမှ လုံခြုံရေးတပ်ဖွဲ့များနှင့် တာဝန်ရှိသူများက စောင့်ကြည့်နေပြီး မီဒီယာများတွင် ထုတ်ဖော်ပြောကြားလေ့ရှိသည်ကို တွေ့ရသည်။ သို့ရာတွင် မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုသည် နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများနှင့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အစည်းများ ဆက်စပ်လုပ်ကိုင်နေကြခြင်းဖြစ်သည့်အလျောက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး ဆက်လက်လုပ်ကိုင်နေကြလိမ့်မည်ဖြစ်ရာ ဒေသတွင်းနိုင်ငံများ ဝိုင်းဝန်းပူးပေါင်းနှိမ်နင်းနိုင်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည်။

မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ ဖမ်းဆီးမှုတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်ကူညီမှုများမှာ လွန်စွာအရေးကြီးသည်။ နောက်ဆုံးအကြိမ် ဖမ်းဆီးရမိသော ရခိုင်ပြည်နယ်နှင့် မလေးရှားသို့ ပို့ဆောင်မည့် ငွေကျပ် ၁၉၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအမှုတွင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လမ်းတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးရာမှ ဖမ်းမိခဲ့ပြီး ကွင်းဆက်လိုက်လံဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါး သယ်ဆောင်သည့်သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ကြပြီး သတင်းပေးသူနှင့် ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူများကို လျှို့ဝှက်၍ ဆုငွေများထိုက်တန်စွာ ချီးမြှင့်ပေးလျက်ရှိရာ လူသားမျိုးနွယ်၏ အန္တရာယ်ဖြစ်သော မူးယစ်ဆေးဝါးနှိမ်နင်းရေးတွင် တစ်တပ်တစ်အား ပါဝင်နိုင်ကြပါစေကြောင်း။ ။