Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့သားကောင်းအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၁၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်းအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)သို့ သွားရောက်၍အဆောက်အအုံများ ထပ်မံတိုးချဲ့ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန်မာ့သားကောင်းအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)သို့ ရောက်ရှိကြရာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာဝင်းအတွင်း အသုံးပြုနိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး Solar Plant တည်ဆောက်သွားမည့်အခြေအနေများ၊ ထပ်မံတိုးချဲ့ဆောက်လုပ်လျက်ရှိသည့် အဆောက်အအုံများအား သတ်မှတ်ချိန်အတွင်းပြီးစီးရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ အိမ်ရာအတွင်းရှိ ရေမြောင်းများအား အုတ်စီရေမြောင်းများအဖြစ် ပြုပြင်ဆောင်ရွက်ပြီး ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက မြန်မာ့သားကောင်းအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)အား ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် စံပြုအိမ်ရာတစ်ခုအဖြစ် ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အိမ်ရာအတွင်းရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် ပိတ်ဆို့မှုများ မရှိစေရေး စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ အိမ်ရာဝင်းအတွင်းရှိ လမ်းများအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားရန်လိုကြောင်း၊ အိမ်ရာအတွက် လိုအပ်သည့် စာသင်ကျောင်းနှင့် ရေ၊ မီး လိုအပ်ချက်များကိုလည်း ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ အိမ်ရာအတွင်းနေထိုင်သည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ၏ စားရေးကို အထောက်အကူပြုစေရန်အတွက် မွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ အရိပ်ရလေကာပင်များကိုလည်း စနစ်တကျ ဆက်လက်စိုက်ပျိုးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အိမ်ရာတွင် နေထိုင်လျက်ရှိသည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန်မာ့သားကောင်းအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)အနီး ဘုရင့်နောင်လမ်းနှင့် အမှတ်(၇) လမ်းထောင့်နေရာတွင် တည်ဆောက်လျက်ရှိသည့် Shopping Complex လုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သာကေတမြို့နယ်၊ တာမွေမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒဂုံမြို့နယ်၊ ကမာရွတ်မြို့နယ်တို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းဘေးဝဲယာရှိ ဈေးဆိုင်များ စနစ်တကျဖြင့် ရောင်းချနိုင်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားရန်၊ ရန်ကုန်မြို့အတွင်း ရေစီးရေလာများ ကောင်းမွန်စေရေးနှင့် ရေထုတ်စနစ်များ ကောင်းမွန်စေရေး ဆောင်ရွက်သွားရန်၊ Green Zone များအား စနစ်တကျ ဖော်ဆောင်သွားရန်နှင့် လမ်းများအား လမ်းအင်္ဂါရပ်များနှင့်အညီဖြစ်စေရေး ဆောင်ရွက်သွားရန်၊ အဆောက်အအုံများအား သန့်ရှင်းသပ်ရပ် တောက်ပြောင်မှုရှိနေစေရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်