နေပြည်တော် အောက်တိုဘာ ၁၀
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၅) သင်တန်းဆင်းပွဲအခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီး၌ ကျင်းပပြုလုပ်ကြသည်။
အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။ ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် ဝန်ကြီးချုပ်များ တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၅)မှ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၃၈၅တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၈၆တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်း ဆောင်ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅) တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက်တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုလို ကြားသိရပါသည်-
(၁) သင်တန်းကာလ ပထမပိုင်းမှာတော့ အလွန်ပင်ပန်း ခက်ခဲလွန်းပါတယ်။ တစ်ပတ်ကြာတဲ့အချိန်မှာ နေသားကျပြီးတော့ သင်တန်းနည်းပြတွေရဲ့ လေ့ကျင့်မှုတွေနဲ့အတူ အခက်အခဲတွေကို အောင်မြင်စွာကျော်လွှားနိုင်ပြီး သင်တန်းကိုပြီးဆုံးအောင် တက် ရေက်နိုင်ခဲ့ပါတယ်။ ဒီသင်တန်းမှာတော့ စံပြတပ်သားဆုကို ရရှိခဲ့ပါတယ်။ ဒီဆုကိုရရှိဖို့အတွက် နည်းပြတွေရဲ့ သင်ကြားပေးမှုတွေကို တစ်သဝေမတိမ်း လိုက်နာလေ့ကျင့်ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်လာရင်း တဖြည်းဖြည်းနဲ့ နည်းပြတွေ၊ သင်တန်းမှူးတွေရဲ့ လေ့ကျင့်ပေးမှုတွေကိုရရှိပြီး ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ကျောင်းတော်ကြီးက သင်ကြားပေးလိုက်တဲ့ ဘာသာရပ်တွေကို မြေပြင်မှာ လက်တွေ့အသုံးချပြီး အမြဲတမ်းစစ်မှုထမ်းတွေဖြစ်တဲ့ ညီနောင်တွေနဲ့အတူ လက်တွေ့အသုံးချသွားမှာ ဖြစ်ပါတယ်။
(၂) ကျွန်တော်က ဒဂုံတက္ကသိုလ် ပထမနှစ် အဝေးသင် သမိုင်းမေဂျာနဲ့ တက်ရောက်နေတဲ့သူတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော် ဒီပြည်သူ့စစ်မှုထမ်းသင်တန်းကို ကိုယ့်သဘောစိတ်ဆန္ဒနဲ့ ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ ဒီပြည်သူ့စစ်မှုထမ်းသင်တန်းကိုလည်း ကျွန်တော် အလွန်တက်ချင်တဲ့အတွက်ကြောင့် ကျွန်တော်ကိုယ်တိုင် လာရောက်ဆန္ဒပြုပြီးတော့ တက်ရောက်ခြင်းဖြစ်ပါတယ်။ ဒီမှာကျတော့ စည်းစနစ်ရှိတယ်၊၊ စည်းကမ်းရှိတယ်။ နောက်ပြီး ကျွန်တော်တို့တွေ စစ်ပညာဆိုတဲ့ အတတ်ပညာကိုလည်း သင်ယူရတဲ့အချိန်အခါမှာ ကိုယ့်အတွက် အထူးအဆန်းအများကြီးဖြစ်တာပေါ့။ ဒီစစ်ပညာသင်ကြားပေးတဲ့အခါမှာလည်း ပင်ပန်းမှုတော့ နည်းနည်းရှိတာပေါ့။ ကျွန်တော်ကတော့ နိုင်ငံ့သားကောင်းတစ်ယောက်အနေနဲ့ တပ်မတော်နဲ့နိုင်ငံတော်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါ့မယ်လို့ ကျွန်တော်ဆုံးဖြတ်ချက်ချထားပါတယ်။ နောက်တစ်ခုက နိုင်ငံတော်ကပေးအပ်တဲ့ တာဝန်တွေပြီးရင် တပ်မတော်က ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်သွားပါ့မယ်လို့ ကျွန်တော့်အနေနဲ့ စိတ်ဆုံးဖြတ်ချက်လည်း ချထားပါတယ်။ ဒီသင်တန်းကို နောက်ထပ်လာရောက်မယ့် ညီအစ်ကိုတွေအကုန်လုံးကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။ ဒီပြည်သူ့စစ်မှုထမ်းသင်တန်းကို တက်ရောက်ရတဲ့အတွက်ကြောင့် အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုရင် ကျွန်တော်တို့ အပြင်မှာ နေထိုင်မှုလူနေမှုဘဝပုံစံအတိုင်း မဟုတ်ဘဲနဲ့ လူတစ်ယောက်က စည်းစနစ်ကျကျ စည်းကမ်းတကျနဲ့ နေထိုင်တတ်သွားမယ်။ ကိုယ်လုပ်ရမယ့် အလုပ်တာဝန်တစ်ခုကို တာဝန်ယူစိတ်၊ တာဝန်ရှိစိတ်အပြည့်နဲ့ လုပ်ဆောင်နိုင်မယ်။ ကိုယ်ပိုင်အသိ ကိုယ်ပိုင်ဆုံးဖြတ်ဉာဏ်နဲ့ စဉ်းစားနိုင်မယ်လို့လည်း ကျွန်တော်ခံယူ ထားပါတယ်။
သတင်းစဉ်

 
 
 
 
 
 
 
  
  
  
  
 