နေပြည်တော် အောက်တိုဘာ ၉
ကမ္ဘာ့ဆရာများနေ့ ဂုဏ်ပြုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ တက်ရောက်ကြပြီး စက်မှုသင်တန်း ကျောင်းများမှ နည်းပြဆရာ ဆရာမများ၊ တိုင်းဒေသကြီး/ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ရှိ လျှပ်စစ်စစ်ဆေးရေးဌာနနှင့် ဘွိုင်လာစစ်ဆေးရေးဌာနတို့မှ ဆရာဆရာမများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စက်မှုဝန်ကြီးဌာနရှိ စက်မှုသင်တန်းကျောင်းများမှ ဆရာဆရာမများကို တန်ဖိုးထားပြီး အလေးထားလေးစား၍ ဂုဏ်ပြုသည့်အခမ်းအနားလည်းဖြစ်ကြောင်း၊ စက်မှုသင်တန်း ကျောင်းများသည် သီအိုရီကိုအခြေခံသည့် ပညာရေးမဟုတ်ဘဲ စက်ရုံ၊ အလုပ်ရုံများတွင် ကျွမ်းကျင်စွာဖြင့်လက်တွေ့လုပ်ငန်းဆောင်ရွက်နိုင်သူများကို လေ့ကျင့်မွေးထုတ်ပေးခြင်းဖြစ်ကြောင်း၊ စက်မှုသင်တန်းကျောင်းများရှိ နည်းပြဆရာဆရာမများသည် စက်မှုကဏ္ဍ၏ လိုအပ်ချက် အပေါ်အခြေခံ၍ လက်တွေ့အခြေခံသဘောတရားများကို လေ့ကျင့်သင်ကြားသူ၊ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရမည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်သူများ ဖြစ်အောင် လေ့ကျင့်ပေးသူများ ဖြစ်ကြောင်း။
နည်းပြ ဆရာ ဆရာမများသည် သက်ဆိုင်ရာနည်းပညာအထူးပြုဘာသာရပ်များကို ကျွမ်းကျင်သူများ ဖြစ်သည့်အပြင် ကျောင်းသား ကျောင်းသူများအား ပညာရပ်များကို ကျွမ်းကျင်မှုရှိစေရေးအတွက် လေ့ကျင့်သင်ကြားသူ၊ သင်တန်းသားများ၏ စဉ်းစားနိုင်စွမ်းကို ဖော်ထုတ်ပေးသူ၊ ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိသူအဖြစ် ပြောင်းလဲပေးသူ၊ သင်တန်းသားများ၏ လူမှုရေးကျွမ်းကျင်မှု၊ ဆက်ဆံပြောဆိုမှု စွမ်းရည်နှင့်တာဝန်ယူမှု စိတ်ဓာတ်တို့ကို ဖော်ဆောင်ပေးသူများဖြစ်ကြောင်း၊ နည်းပြဆရာဆရာမများသည် ပြောင်းလဲနေသည့် နည်းပညာများကိုရရှိအောင် ကိုယ်တိုင်လေ့လာ၍ ပြန်လည်သင်ကြားပေးနိုင်ရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နည်းပြ ဆရာဆရာမများအနေဖြင့် Industry 4.0 သို့ ပြောင်းလဲနိုင်ရေးအတွက် ဦးဆောင်သူများ ဖြစ်သည့်အပြင် သင်တန်းသားတစ်ဦးချင်းစီ၏ အနာဂတ်ကို ဖန်တီးသူ၊ နိုင်ငံတစ်နိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသူများဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ Teacher of the Year ဆုရရှိသူနှစ်ဦးအား ဆုများချီးမြှင့်ပြီး စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ နည်းပြဆရာ ဆရာမများအား အမှတ်တရဂုဏ်ပြု Postcard များပေးအပ်ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်