နေပြည်တော် အောက်တိုဘာ ၉
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၌ လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသည့် ပြန်ကြားရေးဝန်ကြီးဌာနမှဝန်ထမ်းများအား ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးရုံးမျက်နှာစာ၌ လူမှုဖူလုံရေးအဖွဲ့ သုခမင်္ဂလာရောဂါရှာဖွေရေးရွေ့လျားဆေးကုသယာဉ် (Mobile Medical Units) ဖြင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်ခြင်း ဆောင်ရွက်ပေးနေမှုကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများသည် လူမှုဖူလုံရေးအဖွဲ့ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက ပြန်ကြားရေးဝန်ကြီးဌာနမှ အာမခံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် မှတ်ပုံတင်စာရင်းသွင်းခြင်း၊ သွေးပေါင်ချိန် ခြင်းနှင့် အထွေထွေကျန်းမာရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လူမှုဖူလုံရေးရွေ့လျားဆေးကုသယာဉ်ပေါ်၌ ဓာတ်ခွဲစစ်ဆေးခြင်း၊ နှလုံး ECG စစ်ဆေးခြင်း၊ သွေးစစ်ခြင်းအပါအဝင် ကျန်းမာရေးစောင့်ရှောက်ခြင်း ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးသည်။
လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးရုံကြီးသုံးရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း ၉၆ ခန်း၊ ဌာနကြီး ဆေးခန်း ၆၁ ခန်း၊ စာချုပ်ဆေးခန်း ၆၈ ခန်း၊ သားဖွား မီးယပ်၊ ပြင်ပလူနာ ကုသမှုဆောင်ရွက်သည့် စာချုပ် ဆေးခန်း ၄၈ ခန်း၊ မီးဖွားဝန်ဆောင်မှုပေးသော စာချုပ်ဆေးရုံ၊ သားဖွားခန်း ၁၆ ခန်း၊ တိုင်းရင်း ဆေးခန်းတစ်ခန်းတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။
ပြည်ထောင်စုနယ်မြေနေပြည်တော်၌လည်း မြို့နယ်လူမှုဖူလုံရေးဆေးခန်းနှစ်ခန်း၊ ဌာနကြီး ဆေးခန်းလေးခန်း၊ သားဖွားမီးယပ်၊ ပြင်ပလူနာကုသ မှုဆောင်ရွက်ပေးနေသည့် စာချုပ်ဆေးခန်း ငါးခန်း တို့ဖြင့် ကျန်းမာရေးဝန်ဆောင်မှုများဆောင်ရွက်ပေး လျက်ရှိပြီး ယနေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်း ၂၅၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကာ အောက်တိုဘာ ၃၀ ရက် အထိ နေပြည်တော်ရှိ လူမှုဖူလုံရေးအဖွဲ့ဝင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားများကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်