Skip to main content

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၉

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကိုရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီတူရှိမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ရည်ရွယ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမိုင်းဝင်စာချုပ် အဖြစ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

NCA လက်မှတ်ရေးထိုးပြီးချိန်မှစ၍ NCA အထိမ်းအမှတ် နှစ်ပတ်လည်နေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ လာမည့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားအား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီကကြီးမှူး၍ နိုင်ငံရေးအနှစ်သာရရှိရှိဖြင့် ခမ်းနားစွာကျင်းပမည်ဖြစ်ပြီး တစ်ဆက်တည်း NCA အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရန် စီမံဆောင်ရွက်လျက်ရှိသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် MGallery ဟိုတယ်၌ ကျင်းပပြုလုပ်သည်။

ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ NCA (၁၀) နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြ သည်။

အစည်းအဝေးတွင် ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က လုပ်ငန်းကော်မတီများအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများ အဆင်သင့်ဖြစ်နေပြီဟု မျှော်လင့်ကြောင်း၊ မြေပြင်တွင် အမှန်တကယ်ဆောင်ရွက်မည့် အနေအထားအား အစမ်းလေ့ကျင့်ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ယဉ်ကျေးမှုအကအဖွဲ့များအနေဖြင့် အစမ်းလေ့ကျင့်ရန် လိုအပ်ကြောင်း၊ ပထမပိုင်းတွင် ဖွင့်ပွဲအခမ်းအနားအားဆောင်ရွက်ပြီး ဒုတိယပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲအား ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သတင်းထုတ်ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုကြောင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီအနေဖြင့်လည်း အခမ်းအနားကျင်းပသည့်နေရာသို့ အချိန်မီရောက်ရှိနိုင်ရေး မြေပြင်တွင်အချိန်ကိုက်ကြိုတင်လေ့ကျင့် ထားသင့်ကြောင်း၊ ခန်းမတွင်းနေရာချထားရေး လုပ်ငန်းကော်မတီအနေဖြင့်လည်း လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားစေလိုကြောင်း ပြောကြားသည်။  

ဆက်လက်၍ NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က NCA(၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီအစည်းအဝေးအား သုံးကြိမ်ကျင်းပဆောင်ရွက်ခဲ့ပြီး လုပ်ငန်းကော်မတီများနှင့် ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်း ကော်မတီအစည်းအဝေးအား နှစ်ကြိမ်တိုင်တိုင်ပြုလုပ်၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင်လုပ်ငန်းကော်မတီများမှ လိုအပ်ချက်များမရှိစေရေး အသေးစိတ်တင်ပြဆွေးနွေးပေးစေလိုပြီး လိုအပ်ချက်များအား အပြီးသတ်ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်းပြောကြား၍ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များကကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက လိုအပ်သည်များ အကြံပြုဆွေးနွေးကြသည်။

ထို့နောက် NCA(၁၀)နှစ်ပြည့် နှစ်ပတ် လည်နေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အခမ်းအနားတက်ရောက်သူများအား အချိန်မီရောက်ရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ပြခန်းတွင်ရှင်းလင်းမည့် ညွှန်ကြားရေးမှူးချုပ်များအနေဖြင့် ထိထိမိမိ စနစ်တကျရှင်းလင်းနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားစေလိုကြောင်း၊ ပြခန်းတွင်ခင်းကျင်းပြသမည့် ဓာတ်ပုံများအား စနစ်တကျ စိစစ်ခင်းကျင်းပြသရန်လိုကြောင်း၊ အခမ်းအနားမှူးများမှ အစီအစဉ်တကျဖြင့် အချိန်ကိုက်ကြေညာပေးရန်လိုအပ်ကြောင်း၊ အခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့် ပြသနေမည်ဖြစ်သည့်အတွက် ဂရုတစိုက်စီစဉ်ဆောင်ရွက် ပေးစေလိုကြောင်း၊ NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသည်အရေးကြီးသည့် အခမ်းအနားတစ်ခုဖြစ်သည့်အတွက် အလေးထားဆောင်ရွက်ရန်လိုကြောင်း ဖြည့်စွက်ဆွေးနွေးပြီး ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာစကားပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

NCA အထိမ်းအမှတ် အလုပ်ရုံဆွေးနွေး ပွဲတွင် ၁၀ နှစ်တာကာလအတွင်း NCA ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင် အထည်ဖော်ဆောင်ရွက်မှု၊ အောင်မြင်မှုများနှင့် စိန်ခေါ်မှုများကို ပြန်လည်သုံးသပ်ပြီး အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Forward Action Plan) ကို ဖော်ထုတ်ရန်၊ အစိုးရနှင့် ပြည်သူလူထုအကြားယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လာနိုင်စေရေးအတွက် NCA နှင့် ပတ်သက်သည့်အသိပညာများ ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် ထိရောက်သောငြိမ်းချမ်းရေးမူဝါဒများ၊ လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန်၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ဒေသတွင်းနှင့်နိုင်ငံတကာမှ သိမြင်လာစေရန်၊ NCA နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသည့် သက်ဆိုင်ရာအခန်းကဏ္ဍ၊ အလွှာအသီးသီးမှ အမြင်သဘော ထားများ၊ အကြံပြုချက်များကိုစုစည်းပြီး အနာဂတ် မြန်မာနိုင်ငံတော်တည်ဆောက်ခြင်းလုပ်ငန်းစဉ်တွင် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် ပေါင်းစပ်ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဖော်ထုတ်နိုင်ရန်တို့ကို မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။

NCA နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသည့် သက်ဆိုင်ရာ အခန်းကဏ္ဍ၊ အလွှာအသီးသီးမှ အမြင်သဘောထားများ၊ အကြံပြုချက်များကို စုစည်းပြီး အနာဂတ်မြန်မာနိုင်ငံတော်တည်ဆောက်ခြင်းလုပ်ငန်းစဉ်တွင် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန် မပြတ်ဆက်လက်အကောင်အထည်ဖော် နိုင်ရန်အတွက် ပေါင်းစပ်ဆောင်ရွက်နိုင် မည့်နည်းလမ်းများကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်