နေပြည်တော် အောက်တိုဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာ၌ အောက်တိုဘာ ၄ ရက်တွင်အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၇ ကီလို (ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၆၅၆ ဘီလီယံခန့်) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရှိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာရှိ စိုင်းရှဲန်တွီ၏ နေအိမ်အားသတင်းအရ ဝင်ရောက်ရှာဖွေရာ စိုင်းရှဲန်တွီ၊ ဖိလစ်(ခ)အကိန်၊ အိုက်မောင်၊ စိုင်းဝန်း၊ အိုက်အွန်ကျောက်၊ စိုင်းရှဲန်ဖနှင့် စိုင်းလောင်နွဲ့တို့ ၇ ဦးကို အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၇ ကီလို (ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၆၅၆ ဘီလီယံ)၊ TOYOTA FORTUNER ယာဉ်တစ်စီး၊ HONDA CIVIC ယာဉ် တစ်စီး၊ TOYOTA CROWN ယာဉ်တစ်စီး၊ ISUZU D-MAX ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ၏ ပိုင်ရှင်ဖြစ်သူ စိုင်းမွန်းနေထိုင်သည့် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာရှိ နေအိမ်အား နံနက် ၁၀ ခွဲခန့်တွင် ဝင်ရောက်ရှာဖွေရာ စိုင်းမွန်းမှာ တိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။