နေပြည်တော် အောက်တိုဘာ ၇
တပ်မတော်က ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ကို တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ဒေသခံပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများပူးပေါင်း၍ ဒေသခံပြည်သူလူထု လုံခြုံရေးနှင့်လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရ၏အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများပြန်လည်ဖွင့်လှစ်နိုင်ရေးစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကျောက်မဲမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် စတင်ကျောင်းအပ်လက်ခံခဲ့ရာ ကျောင်းလာရောက်အပ်နှံမှုအနေဖြင့် ကျောင်းသား/ ကျောင်းသူ ၂၀၆ ဦး ရှိကြောင်းသိရှိရသည်။ အဆိုပါကျောင်းအပ်နှံသည့် ကျောင်းသား/ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါတည်းပေးအပ်ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးကြသည်။
ထို့ပြင် ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသောက်နေထိုင်ရေး အဆင်ပြေစေရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသော ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များကို တာဝန်ရှိသူများကပေးအပ်ကြသည်။
၎င်းအပြင် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှဆရာဝန်များ၊ သူနာပြုများပူးပေါင်း၍ အောက်တိုဘာ ၅ ရက်မှစတင်၍ ကျောက်မဲမြို့လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ဒေသခံတိုင်းရင်းသားပြည်သူ ၁၆၉ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ကျောက်မဲမြို့နယ် တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝလုပ်ကိုင်စားသောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။