မန္တလေး အောက်တိုဘာ ၆
ယနေ့ကျရောက်သည့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ၊ မြို့နယ်၊ ရပ်ကွက်အသီးသီးရှိ စေတီပုထိုးများနှင့် ဓမ္မာရုံများ၌ မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်၍ ကုသိုလ်ကောင်းမှုပြုလုပ်ကြပြီး ညပိုင်းတွင် ဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်ကာ မီးထွန်းပွဲတော်အစီအစဉ်များကျင်းပပြီး မြို့လုံးအနှံ့စည်ကားလျက်ရှိသည်။
မန္တလေးပြည်သူများသည် သီတင်းကျွတ်လပြည့်နေ့တွင် ဒေသ၏ကောင်းမှုကုသိုလ်ပြုလုပ်ကြသည့် ဓလေ့ထုံးစံအတိုင်း နံနက်အရုဏ်တက်တွင် မဟာမုနိဘုရားကြီးသို့ ဦးခိုက်ပူဇော်ကာ ပန်း၊ ရေချမ်း၊ ဆီမီးများနှင့် ရွှေသင်္ကန်းများကို ဆက်ကပ်လှူဒါန်းကြပြီး မြို့တွင်းရှိတန်ခိုးကြီးဘုရားများဖြစ်ကြသည့် ရွှေကျီးမြင်မြတ်စွာဘုရား၊ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရား၊ ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရားများအပြင် အောင်တော်မူဘုရား၊ ကျောက်စိမ်းစေတီတို့တွင်လည်း ကောင်းမှုကုသိုလ်ပြုခြင်း၊ ဘုရားစေတီများ၏ အေးချမ်းသည့်အရိပ်အာဝါသအောက်တွင် တရားဘာဝနာပွားများ အားထုတ်ခြင်းများဆောင်ရွက်ကြသည်။
ထို့ပြင် ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းများနှင့်အညီ ဆွမ်းဆန်တော်လောင်းလှူပူဇော်ခြင်း၊ ဓမ္မစကြာရွတ်ဆိုခြင်း၊ ပရိတ်တရားတော်များနှင့် ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ မိဘ၊ ဘိုးဘွား၊ ဆရာသမား၊ သက်ကြီးဝါကြီးများအား ကန်တော့ခြင်းစသည့်ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြပြီး လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့ ကျန်းမာချမ်းသာ၍ ငြိမ်းချမ်း ကြစေကြောင်း ဆုမွန်ကောင်းများတောင်း၍ မေတ္တာပို့သကြသည်။
ထို့အတူ မန္တလေးတောင်ခြေရှိ မဟာသကျ မာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား၊ မဟာ လောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရားတို့၏ ဘုရားသုံးဆူ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လည်း အစဉ်အလာမပျက် ကျင်းပလျက်ရှိရာ ယနေ့သီတင်းကျွတ်လပြည့်နေ့တွင် အလှူရှင်ပြည်သူများနှင့် ဘာသာရေးအသင်းအဖွဲ့အသီးသီးတို့က ဆွမ်းတော် ကြီးကပ်လှူခြင်း၊ ပန်း၊ ရေချမ်း၊ လျှပ်စစ်မီး၊ ဖယောင်းတိုင်ဆီမီးထွန်းညှိပူဇော်ခြင်းတို့ဖြင့် ကုသိုလ်ကောင်းမှုများပြုလုပ်ကြပြီး ညပိုင်းတွင်ပွဲတော်လာပြည်သူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။
အလားတူ မန္တလေးမြို့အတွင်းရှိ အထင်ကရဘုရားများနှင့် ရပ်ကွက်အတွင်းရှိ ဘုရား၊ စေတီများ၊ ဓမ္မာရုံများနှင့် နေအိမ်များတွင် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီမီးထွန်းညှိပူဇော်ခြင်း၊ ကလေးငယ်များက မီးရှူးမီးပန်းများနှင့် မီးပုံးအရုပ်များဖြင့် ပျော်ရွှင်စွာဆော့ကစားခြင်းများအပြင် မိသားစုအလိုက် မိဘ၊ ဆရာသမားများအား လိုက်လံဂါရဝပြုကန်တော့ခြင်းများဖြင့် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ပုံရိပ်ကို ပီပြင်စွာဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)