Skip to main content

အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်း အဆင့်အတန်းမြင့်သည်ထက်မြင့်အောင် မြှင့်တင်

အမျိုးသားယဉ်ကျေးမှုသည် နိုင်ငံတစ်နိုင်ငံ၏ ဝိသေသလက္ခဏာဖြစ်ပြီး အဆို၊ အက၊ အရေး၊ အတီးဟူသော အနုသုခုမပညာရပ်တို့မှာ ကြီးမားကျယ်ပြန့်လှသည့် အမျိုးသားယဉ်ကျေးမှုနယ်ပယ်တွင် အခန်းကဏ္ဍတစ်ရပ်အဖြစ်ပါဝင်သည်။ မိမိတို့၏ ဘိုးဘွားမိဘများသည် သမိုင်းကြောင်းတစ်လျှောက် အမျိုးသားယဉ်ကျေးမှုကို အဆင့်အတန်းမြင့်သည်ထက်မြင့်အောင်မြှင့်တင်ခဲ့ကြသကဲ့သို့ ကောင်းသည့်အမွေအနှစ်များကိုလည်း စဉ်ဆက်မပြတ်တည်တံ့အောင် ထိန်းသိမ်းခဲ့ကြသည်။

အချိန်ကာလ၏တိုက်စားမှုကြောင့် ဒြပ်ရှိယဉ်ကျေးမှုအမွေ အနှစ်များသည်ပင်လျှင် ပျက်စီးပျောက်ဆုံးယုတ်လျော့လေ့ရှိကြရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဆိုလျှင် ပို၍ပင် လျင်မြန်လွယ်ကူစွာ ပျောက်ကွယ်သွားကြမည်ဖြစ်သည်။ ထိုမျှမက ယဉ်ကျေးမှုတို့၏ ကူးလူးဆက်သွယ်မှုသဘောသဘာဝအရ ပြင်ပမှယဉ်ကျေးမှုများဝင်ရောက်ဖုံးလွှမ်းကာ ရိုးရာယဉ်ကျေးမှုများ၊ အစဉ်အလာထုံးဓလေ့များ ပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ကလည်းရှိသေးသည်။ အမျိုးသားယဉ်ကျေးမှု ကိုယ်ခံစွမ်းအားကောင်းမွန်နေမည်ဆိုပါက ပြင်ပမှ ဝင်‌‌‌ရောက်လာသည့် ယဉ်ကျေးမှုများကို မိမိတို့၏ယဉ်ကျေးမှု ရေခံမြေခံများနှင့်ကိုက်ညီအောင်ပြုပြင်ယူပြီး မိမိတို့၏ ရှိရင်းစွဲယဉ်ကျေးမှုတွင် ထည့်သွင်းပေါင်းစည်းခြင်းဖြင့် မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုမှာ ပို၍ကြွယ်ဝလာမည်၊ ပို၍ကြီးကျယ်ခမ်းနားလာမည်ဖြစ်သည်။ အမျိုးသားယဉ်ကျေးမှုအားနည်းလျှင်မူ ပြင်ပမှ‌ရောက်လာသည့် ယဉ်ကျေးမှုများ၏အောက်တွင် ကိုယ်ပိုင်ယဉ်ကျေးမှု ပျောက်ကွယ်သွားမည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှု (National Cul- ture)၊ အမျိုးသားရေးစိတ်ဓာတ် (National Spirity) နှင့် တန်ဖိုးထားမှုစနစ် (Value System) များသည် ဒေသတစ်ခု၏ အချုပ်အနှောင်မဲ့တိုးတက်မှု (Independent Development) အတွက် လွန်စွာအရေးပါသည့် အခြေခံအကြောင်းတရားများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ပမှယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာနေမှုများကို အမျိုးသား‌ရေးအမြင်ဖြင့် ရှုမြင်ကြရမည်ဖြစ်ပြီး အန္တရာယ်ရှိသည်ကို သတိထားကြရမည်ဖြစ်ကြောင်း ယမန်နှစ်ကကျင်းပသည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အ‌ရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား၌ နိုင်ငံတော်အကြီးအကဲက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ဤသည်မှာ အမျိုးသားယဉ်ကျေးမှုမပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပြည်ပမှယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်မှု ကြောင့် မိမိတို့၏လူ့အဖွဲ့အစည်းတွင် စွဲမြဲတည်ရှိနေသည့် အစဉ်အလာ၊ ထုံးဓလေ့၊ ယဉ်ကျေးမှုများမပျက်စီးစေရန် ကာကွယ်ရေးတို့၏အ‌ရေးကြီးမှုကို ညွှန်ပြခြင်းလည်းဖြစ်သည်။

မိမိတို့နိုင်ငံသည် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာ၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဗိသုကာ၊ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်အတတ်ပညာစသည်တို့ နိုင်ငံ၏သမိုင်းတစ်လျှောက်တွင် ခေတ်အဆက်ဆက်ဖြစ်တည်ထွန်းကားခဲ့သည့်နိုင်ငံ၊ ခမ်းနားထည်ဝါခဲ့သည့် နိုင်ငံဖြစ်သည်။ မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်း၍ ထိန်းသိမ်းစောင့်ရှောက်ကြရခြင်းဖြစ်ရာ မိမိတို့ခေတ်တွင် မိမိတို့၏တာဝန်ကို ကျေပွန်ကြရန်လိုသည်။ မိမိတို့တိုင်းရင်းသား ပြည်သူများ စုပေါင်းနေထိုင်ကြသည့် ပြည်‌ထောင်စုမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ ခံ့ညားထည်ဝါစွာတည်တံ့ခိုင်မြဲရေး၊ မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအနုပညာများကို မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မျိုးဆက်သစ်များအတွင်းတိုင်းတစ်ပါးယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်မှုအန္တရာယ်မှ ကာကွယ်‌ရေးတို့အတွက်အရေးပါသည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အ‌ရေး၊ အတီးပြိုင်ပွဲကြီးကို ဂုဏ်ပြုကြိုဆိုအပ်ပါကြောင်း။ ။