ပဲခူး နိုဝင်ဘာ ၆
၂၀၂၀ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့ မွန်းလွဲ(၁၄:၅၀)မိနစ်ခန့်က ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၇)၊ အုန်းတောတာလမ်းရှိ ပဲခူးတိုင်းဒေသကြီး ကော်မရှင်ရုံးခြံဝင်းအတွင်း ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ BE တပ်ဖွဲ့များနှင့် တာဝန်ရှိသူများက ပေါက်ကွဲမှုဖြစ်စဉ်ကို အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါက်ကွဲသံကြားသည့်အတွက် ရုံးအပြင်ထွက်ကြည့်သည့်အခါရုံးမျက်နှာစာ ညာဘက် နံရံအနီး၌ စာရွက်ထည့်ထားသော ပုံးတစ်ခုမှ ပေါက်ကွဲမှုဖြစ်ပွားသည်ကို တွေ့ရှိရပြီး ရုံးအောက်ဘက်ရှိ ပြတင်းပေါက်မှန်တစ်ချပ် ကွဲကြေပျက်စီးသွားပြီး လူအသက်အန္တရာယ် ထိခိုက်မှုမရှိပါကြောင်း ပဲခူးခရိုင်ကော်မရှင် အတွင်းရေးမှူး က ပြောသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကို တာဝန်ရှိသူများက စစ်ဆေးရာ တယ်လီဖုန်းအား အသုံးပြု၍ ဖောက်ခွဲခဲ့သည်ဟု တွေ့ရှိရပြီး သက်ဆိုင်ရာ ရဲလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည်ဟု စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ရဲထွန်းအောင် က ပြောကြားသည်။
ဟိန်းထက်(ပဲခူး)