နေပြည်တော် အောက်တိုဘာ ၃
ကုန်ကြမ်းယူ၊ ကုန်ချောပေးလက်ခစားလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကော်မတီအနေဖြင့် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထုတ်ကုန်များအရေအတွက်သာမက အရည်အသွေးမြင့်မားရေး၊ အလုပ်သမားများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားသားလုပ်ငန်းရှင်များ၊ နိုင်ငံသားလုပ်ငန်းရှင်များ အကျိုးစီးပွားဖြစ်ထွန်းရေး၊ လုပ်ငန်းများ အဆင်ပြေချောမွေ့ရေး အဓိကတာဝန်ရှိကြောင်း။
အထူးသဖြင့် ယနေ့အစည်းအဝေးတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ဦးတည်ချက် (၄)ရပ်ပါ “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏လူမှုစီးပွား ဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အလုပ်ရှင်များ၏အခက်အခဲများ၊ စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ ကော်မတီဝင်များက ဆောင်ရွက်ပေးနိုင်မည့် အကြံပြုချက်များကို အလေးထားဆွေးနွေးပေးစေလိုကြောင်းနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းမှုရရှိနေခြင်းသည် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကုန်ကြမ်းယူ၊ ကုန်ချောပေးလက်ခစားလုပ်ငန်း CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီ၊ CMP လုပ်ခနှင့် အခွန်ကြီးကြပ်ရေးဆပ်ကော်မတီ၊ CMP သွင်းကုန်၊ ပို့ကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများနှင့် အဖွဲ့အစည်များမှ တာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များ၏ ဆွေးနွေးခဲ့မှုများအပေါ် ကုန်ကြမ်းယူ၊ ကုန်ချောပေးလက်ခစားလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်