ရန်ကုန် နိုဝင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူ များက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်ရှိ မြန်မာ - ထိုင်းကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံး၌ ပြုလုပ်သည်။
ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးက အွန်လိုင်းမှတစ်ဆင့် လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း တို့ထံ အလှူရှင် ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများကိုယ်စား မြန်မာ - ထိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ Mr. B Kich Aungvitulsatit က ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းပြီး ဝန်ကြီးချုပ် ဦးဖြိူးမင်းသိန်းက ကျေးဇူးတင်စကား ပြောကြားသည်။
ယနေ့ လှူဒါန်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အလှူရှင် ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင် များနှင့် ပြည်သူများက ထိုင်းဘတ်ငွေ သိန်း ၅၀ ကျော်နှင့် ညီမျှသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများအား လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်း-နေလင်း/ဓာတ်ပုံ-ဆန်းကျော်ဦး)