ပဲခူး နိုဝင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ခွင့်ပြုရန်ပုံငွေများဖြင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ တာဝန်ယူတည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဆားတလင်း-ဒါးပိန်-ကျွဲကူးဆိပ်လမ်း နှင့် ပဲခူးတိုင်းဒေသကြီး သပြု - ရှမ်းကံ - ကဝ လမ်းအား ဆက်သွယ်မည့် ပဲခူးမြစ်ကူးတံတား (ဒါးပိန် - သပြု) ဖွင့်လှစ်ပေးခြင်းအား ယနေ့ နံနက် ၇ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေတို့က အဖွင့်အမှာစကားပြောကြားပြီး တံတားကမ္ပည်းမော်ကွန်း ကျောက်စာ တိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ တံတားကြီးပေါ်သို့ ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု)သည် တိုင်းဒေသကြီးတစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက် အပံ့ဖြစ်နိုင်စေရန် ယခုစီမံကိန်းအား တည်ဆောက်ရန် ရည်ရွယ်ရခြင်းဖြစ်ကြောင်း၊ သီလဝါ ဆိပ်ကမ်းမှ ကုန်သေတ္တာများအား ဆားတလင်း-ဒါးပိန်-ကျွဲကူးဆိပ်လမ်းနှင့် သပြု-ရှမ်းကံ-ကဝလမ်းအား ချိတ်ဆက်၍ တိုင်းဒေသကြီး(၂)ခု ၏ ကုန်စည်စီးဆင်းမှုများ ပိုမိုကောင်းမွန်သွား စေရန်အတွက်ဖြစ်ကြောင်း၊ ယခုဖောက် လုပ်မည့် လမ်းသည် နောင်အနာဂတ်အတွက် အလွန်အရေးပါပြီး ပဲခူးမြို့ရှိ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွက်ပါ အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်းနှင့် ပဲခူးတိုင်း ဒေသကြီးသည် အာစီယံလမ်းမကြီးများ၊ ရန်ကုန်-ဟံသာဝတီ-ပဲခူး အဓိက စီးပွားရေး စင်္ကြံဧရိယာအတွင်း ကျရောက်လျက်ရှိခြင်း၊ အရှေ့ဘက် ထိုင်းနိုင်ငံနှင့် အထက်မြန်မာ ပြည်တို့မှ ကုန်စည်စီးဆင်းမှုများ၏ လမ်းဆုံတွင်ရှိနေသဖြင့် အဘက်ဘက်မှ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အခွင့်အလမ်းများစွာ ဖြစ်ပေါ်နိုင်စေရန်အတွက် ဖြစ်ကြောင်း သိရှိရ သည်။
အဆိုပါ တံတားဖွင့်လှစ်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူး အဖွဲ့(၁၀)မှ အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)