နေပြည်တော် နိုဝင်ဘာ ၅
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ သီရိငါးမြို့နယ်နှင့် ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေး မြို့နယ်များအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ မဲရုံများသို့ လာရောက်မဲပေးကြမည့် မဲဆန္ဒရှင် ပြည်သူများ ကျန်းမာရေးနှင့်အညီ လွတ်လပ်လုံခြုံစွာ မဲပေးနိုင်ရေး မဲရုံများအားလုံး ပြင်ဆင် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း နေပြည်တော် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
ရွေးကောက်ပွဲကျင်းပရန် နှစ်ရက်သာ လိုတော့သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ဦးဆောင်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် လျက်ရှိကြရာ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက ရွေးကောက်ပွဲ အတွက် မဲရုံများပြင်ဆင် ဆောင်ရွက် ထားရှိမှုများနှင့်စပ်လျဉ်း၍ ပြောကြားချက်များအား ဖော်ပြ လိုက်ရပါသည် -
ဦးသိန်းထွေး (ဥက္ကဋ္ဌ၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ)
ကျွန်တော်တို့ နေပြည်တော် ပြည်ထောင်စု နယ်မြေမှာ မြို့နယ် ရှစ်မြို့နယ်၊ ရပ်ကွက် ၅၈ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၈၇ အုပ်စု၊ မဲရုံပေါင်း ၆၄၆ ရုံရှိပါတယ်။ ယာယီမဲရုံတွေပါ အားလုံးပြင်ဆင် ပြီးပါပြီ။ နိုဝင်ဘာ ၃ ရက်ကနေ ဒီနေ့အထိ သက်ဆိုင်ရာ မြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာတွေအထိ ကျွန်တော် ကိုယ်တိုင် စိစစ်မှုတွေ လုပ်ဆောင်နေ ပါတယ်။ အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၄ ရက်အထိ ပြည်ထောင်စု နယ်မြေမှာ ၁၁၆၅၁၁ ဦး ကြိုတင်မဲပေးပြီးပါပြီ။ လုံခြုံရေးအနေနဲ့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်က ပြည်ထောင်စုနယ်မြေရဲ့ လုံခြုံရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကျွန်တော်တို့က အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပါတယ်။ နေပြည်တော် ပြည်ထောင်စုနယ်မြေရဲ့ မဲဆန္ဒရှင်များ လုံခြုံရေးနဲ့ မဲရုံလုံခြုံရေးအတွက်ကို အစီအမံတွေ ချထားဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲနေ့မှာ အသုံးပြုဖို့ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပစ္စည်း တွေကို သက်ဆိုင်ရာမြို့ နယ်ကော်မရှင်အဖွဲ့ခွဲ တွေဆီ ဒီနေ့ပဲ အပြီးဖြန့်ဝေပြီးပါပြီ။
ရွေးကောက်ပွဲနေ့ မနက် ၆ နာရီကနေ ညနေ ၄ နာရီအတွင်း သက်ဆိုင်ရာ မဲရုံတွေကို ဖွင့်လှစ်ပြီး မဲပေးတာကို ဆောင်ရွက်မှာဖြစ်ပါတယ်။ မဲလာပေးမှုများပြားတဲ့အပေါ် မူတည်ပြီး မဲရုံတစ်ရုံစီကို အဆိုင်းနှစ်ဆိုင်းခွဲမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေ မဲရုံကိုရောက်တဲ့အခါ ပထမဆုံး အဖျားတိုင်းပြီး လက်ဆေးဖျန်းပါမယ်။ နောက်ပြီး နှာခေါင်းစည်းအသစ်တွေ လဲပေးတဲ့လုပ်ငန်းကို စေတနာ့ ဝန်ထမ်းတွေ၊ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းတွေက မဲရုံပြင်ပမှာ ဆောင်ရွက်ဖို့ တာဝန်တွေ ပေးအပ်ပြီး ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေကို အဖျားတိုင်းတဲ့ အခါ အပူချိန်မြင့်နေတယ်ဆိုရင် Temporary Quarantine ဆိုတဲ့ နေရာတစ်ခု မဲရုံတိုင်းမှာ ရှိပါမယ်။ အဲဒီနေရာမှာ ၁၅ မိနစ် နေခိုင်းပြီး နောက်ထပ်အပူချိန်တိုင်းမှာ ဖြစ်ပါတယ်။ အပူချိန်ထပ်တိုင်းလို့ အပူချိန် ထပ်မံ မြင့်တက်တယ်ဆိုရင် ကျန်းမာရေးဌာနကနေ အဲဒီမဲဆန္ဒ ရှင်ကို အချိန်မီ ကုသမှုပေးသွားမှာ ဖြစ်ပါတယ်။ အကယ်၍ အပူချိန် ၁၅ မိနစ်အတွင်းမှာ ပြန်ကျသွားတယ်ဆိုရင် မဲရုံအတွင်းမှာ ဆက်လက် မဲပေးဖို့အတွက် ဆောင်ရွက်ပါမယ်။ မဲပေးတဲ့ မဲဆန္ဒရှင် မဲရုံထဲမှာ မဲပေးပြီးလို့ ပြန်ထွက် သွားရင် လက်ဆေးဖျန်းမှာပါ။ နောက်ပြီး မဲပေးပြီးကြောင်း လက်သန်းမှာ မင်တို့ပြီးမှ မဲရုံက ထွက်ခွာရမှာ ဖြစ်ပါတယ်။ မဲရုံကနေ ဝင်လာပြီး ထွက်သွားတဲ့အထိ မဲပေးတဲ့ မဲဆန္ဒရှင်တွေဟာ ခြောက်ပေ အကွာနဲ့ မဲရုံထဲမှာ စီတန်းပြီး မဲပေးတဲ့စနစ်နဲ့ မဲပေးနိုင်အောင် စနစ်တကျ ပြင်ဆင်ထားပြီး ဖြစ်ပါ တယ်။
ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေနဲ့ သက်ဆိုင်ရာ ခရိုင် နဲ့မြို့နယ်တွေမှာ ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီရဲ့ ညွှန်ကြားချက်တွေ၊ လမ်းညွှန်ချက် တွေနဲ့အညီ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို လုံခြုံရေးပိုင်းကအစ ကျန်းမာရေးအပိုင်းပါ လိုအပ်ချက်အားလုံးကို တာဝန်ရှိ အဖွဲ့အစည်း များနဲ့ပေါင်းစပ်ပြီး ဆောင်ရွက် နေတဲ့အတွက် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ လွတ်လပ်ပြီး စိတ်ချမ်းသာစွာနဲ့ မဲပေးနိုင်မှာဖြစ်ပါ တယ်။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ ကိုယ့်ရဲ့နိုင်ငံသား အခွင့်အရေးကို မဆုံးရှုံးရအောင် မဲပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဦးကျော်စွာဦး (အတွင်းရေးမှူး၊ ဥတ္တရခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ)
ကျွန်တော်တို့ ဥတ္တရခရိုင်အတွင်းမှာ မြို့နယ်လေးမြို့နယ် ရှိပါတယ်။ ရပ်ကွက် ၃၀ ရှိပြီး ကျေးရွာ အုပ်စုပေါင်း ၈၈ အုပ်စု ရှိပါတယ်။ မဲရုံ စုစုပေါင်း ၃၃၆ ရုံဖွင့်လှစ်ပြီး မဲပေးနိုင်ရေး ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ဥတ္တရခရိုင် အတွင်းမှာ မဲဆန္ဒရှင် ၄၁၉၄၅၄ ဦး ရှိပါတယ်။ နိုဝင်ဘာ ၄ ရက်အထိ ကြိုတင်ဆန္ဒမဲပေးတဲ့သူ ၅၀၇၄၃ ဦး ရှိပါတယ်။ လက်ရှိခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာတွေမှာ ဖွင့်လှစ်ထားတဲ့ မဲရုံတွေမှာ လိုအပ်တဲ့ ကျန်းမာရေးအထောက် အကူပစ္စည်းတွေကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်တွေကို ဖြန့်ဝေ ထားပြီးဖြစ်ပါတယ်။ မဲရုံတစ်ရုံတိုင်းမှာ ကျန်းမာရေးဝန်ထမ်း တစ်ဦး၊ ထွေ/အုပ် ဝန်ထမ်းတစ်ဦး ထားရှိပြီး ပညာရေးနဲ့ ကျန်းမာရေးက ဝန်ထမ်း တွေကိုကတော့ နှစ်နာရီကြားတစ်ကြိမ် အလဲ အလှယ်လုပ်လို့ရအောင် Volunteer တွေဖွဲ့ စည်းဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။
လုံခြုံရေးအပိုင်းအနေနဲ့လည်း မဲရုံတိုင်းမှာ အထူးရဲတွေ ချထားပြီးဖြစ်ပါတယ်။ ဥတ္တရခရိုင်အတွင်းမှာရှိတဲ့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ် မဲပေးနိုင်အောင် ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာလည်း လိုအပ်တာ တွေကို ထပ်ပြီးဖြည့်ဆည်းနိုင်ဖို့ ကွင်းဆင်း စစ်ဆေးလျက် ရှိပါတယ်။ လိုအပ်ချက်တွေရှိရင် ပိုပြီး ပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက် ပေးသွားမှာပါ။ မဲရုံတိုင်းမှာ မဲပေးခွင့်ရှိတဲ့ဦးရေနဲ့ မဲပေးခွင့်ရှိတဲ့ အချိန်လုံလောက် အောင် ဆောင်ရွက် ထားပြီးလည်း ဖြစ်ပါတယ်။ မဲရုံတိုင်းမှာဆိုရင် မဲပေး ခွင့်ရှိသူ ၁၀၀၀ ကျော်တာနဲ့ နှစ်ဆိုင်း၊ ၂၀၀၀ ကျော်တာနဲ့ သုံးဆိုင်းခွဲပြီး မဲပေးနိုင်အောင် ဆောင်ရွက် ထားပြီးဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ထိန်းချုပ်ရေးအတွက်လည်း အထောက်အကူ ဖြစ်အောင် အဆိုင်း တွေ အများကြီးခွဲထားပါတယ်။ ကျွန်တော့်အနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို သတင်းစကားပါးချင်တာက မဲရုံတိုင်းမှာ ကျန်းမာရေးအဖွဲ့တွေရှိပေမယ့် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မဲလာ ပေးတဲ့ အချိန်မှာ ကျန်းမာရေးနဲ့အညီ လိုက်နာပြီး မဲပေးပါလို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။
ဦးအောင်ကျော်ဆင့်(အတွင်းရေးမှူး၊ ဒက္ခိဏ ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ)
ကျွန်တော်တို့ ဒက္ခိဏခရိုင်အတွင်းမှာ မြို့နယ် လေးမြို့နယ်၊ ရပ်ကွက် ၂၈ ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း ၉၉ အုပ်စု ရှိပါတယ်။ ရပ်ကွက်၊ ကျေးရွာအုပ်စု စုစုပေါင်း ၁၂၇ ခု ရှိပါ တယ်။ မဲရုံပေါင်း ၃၁၀ ရှိပြီး ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေ လုံလုံခြုံခြုံ စိတ်ချမ်းမြေ့စွာနဲ့ မဲပေးနိုင်ဖို့ အားလုံး ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ လိုအပ်ချက်တွေကို ထပ်မံဖြည့်ဆည်း ပြင်ဆင်ဆောင်ရွက်နိုင်ဖို့ လမ်းညွှန်ထားပြီးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နေ့စဉ်လိုက်လံ စစ်ဆေးပြီး လိုအပ်ချက်တွေကိုလည်း ဆောင်ရွက်ပေးပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်တဲ့ ကြိုတင် ကာကွယ်ရေး ပစ္စည်းတွေကိုလည်း ပြီးခဲ့တဲ့ နှစ်ရက်က ကျွန်တော် တို့ခရိုင်ကနေ သက်ဆိုင်ရာမြို့နယ် တွေကတစ်ဆင့် ရပ်ကွက်အလိုက် ရရှိတဲ့နှုန်းထားအလိုက် ဖြန့်ဝေပြီးဖြစ်ပါတယ်။ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲက တစ်ဆင့် မဲရုံတွေကို အရောက် ဖြန့်ဝေပေးနေပါတယ်။ လုံခြုံရေးနဲ့ပတ်သက်ပြီး မဲရုံတိုင်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ လုံခြုံရေးသင်တန်း တက်ထားတဲ့ အထူးလုံခြုံရေးရဲဝန်ထမ်း တစ်ဦး ရှိပါတယ်။ ကျွန်တော်တို့ ခရိုင် အတွင်းမှာ မဲဆန္ဒရှင် စုစုပေါင်း ၄၈၀၀၀၀ ကျော် ရှိပါတယ်။ ကြိုတင်မဲပေးထားတဲ့ မဲဆန္ဒရှင် ဦးရေ ကတော့ မနေ့ကအထိ ၆၀၀၀၀ ကျော် ရှိပါပြီ။ နိုဝင်ဘာ ၈ ရက်မှာ မဲလာပေးမယ့် မဲဆန္ဒရှင်တွေ အတွက် ကိုဗစ်-၁၉ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ မဲရုံအပြင်ဘက်မှာဆိုရင် အထွေထွေ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးဌာနတွေက ဝန်ထမ်းတွေနဲ့ပေါင်းစပ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင် များအနေနဲ့ ရွေးကောက်ပွဲနေ့ မဲလာပေးတဲ့အခါ စိုးရိမ် ပူပန်စရာမရှိအောင် ကိုဗစ်-၁၉ ကျန်းမာရေး လမ်းညွှန်ချက်နဲ့အညီ စနစ်တကျ ဆောင်ရွက်ထားသလို လုံခြုံရေးအပိုင်း ကိုလည်း စနစ်တကျ စီမံဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ မဲဆန္ဒရှင် ပြည်သူများအနေနဲ့ ငါးနှစ်မှာ တစ်ခါရတဲ့ နိုင်ငံသားအခွင့် အရေးကို မဆုံးရှုံးရအောင် မဲရုံတွေမှာ လာရောက်မဲပေး ကြဖို့ တိုက်တွန်းချင်ပါတယ်။
ဦးဇော်နိုင်ဦး(အတွင်းရေးမှူး၊ လယ်ဝေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ)
ကျွန်တော်တို့ လယ်ဝေးမြို့နယ်အတွင်းမှာ ရပ်ကွက် ခုနစ်ရပ်ကွက်၊ ကျေးရွာ ၆၀ ရှိပါတယ်။ မဲရုံပေါင်း ၁၄၄ ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိ သူဦးရေ ၂၂၁၃၈၇ ဦးရှိပါတယ်။ နိုဝင်ဘာ ၄ ရက်အထိ ကြိုတင်ဆန္ဒမဲပေးသူဦးရေ ၃၀၉၈၀ ရှိပါပြီ။ မဲရုံ ၁၄၂ ရုံက မဲပေးနိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေ ပါပြီ။ ကျန်ရှိတဲ့ မဲရုံ နှစ်ရုံ ကိုလည်း အဆင်သင့်ဖြစ်အောင် ဒီနေ့က စပြီး ဆောင်ရွက်နေပါတယ်။ မဲရုံတွေမှာ ကြိုတင်ပြင်ဆင်မှုတွေ အချိန်မီပြီးစီးဖို့အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှာပါတဲ့ အဖွဲ့ဝင် တွေကို တာဝန်ခွဲဝေ ပေးပါတယ်။ သူတို့ကလည်း တာဝန်ခွဲပေးထားတဲ့ မဲရုံတွေမှာ ကြိုတင်ပြင်ဆင်မှုတွေ အချိန်မီပြီးစီးဖို့ ကွင်းဆင်းပြီး လိုအပ်ချက်တွေကို ကြပ်မတ် ဆောင်ရွက်နေကြပါတယ်။ မြို့နယ်အတွင်းက မဲရုံတွေမှာ သတ်မှတ် အချိန်အတွင်း မဲပေးနိုင်ဖို့အတွက် အချိန်လုံလောက်မှုရှိအောင် မဲဆန္ဒရှင် အနည်းအများအပေါ်မူတည်ပြီး နှစ်ဆိုင်း၊ သုံးဆိုင်း စသဖြင့် အဆိုင်းတွေခွဲပြီး ဆောင်ရွက် ထားပါတယ်။ မဲရုံတွေရဲ့ လုံခြုံရေးအပိုင်းအနေနဲ့ အထူးရဲတွေ တာဝန်ချဆောင်ရွက်ထား ပါတယ်။ အဓိကအနေနဲ့ ကိုဗစ်-၁၉ ကာလ ဖြစ်တဲ့ အတွက် မဲဆန္ဒရှင်ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် မဲရုံတိုင်းမှာ ကျန်းမာရေး ဝန်ထမ်းများအပါအဝင် သက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ဦးမြင့်အောင် (ဥက္ကဋ္ဌ၊ အမှတ်-၂ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လယ်ဝေးမြို့နယ်)
ကျွန်တော်က ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်တွေမှာလည်း ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ပါတယ်။ ကျွန်တော်တို့ အမှတ်(၂)ရပ်ကွက်မှာ မဲဆန္ဒရှင်ဦးရေ ၃၀၀၀ ကျော်ရှိပြီး မဲရုံနှစ်ရုံ ဖွင့်လှစ်ထားပါတယ်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် မဲရုံတွေကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့အနေနဲ့ အုပ်ချုပ်ရေးအဖွဲ့အပါအဝင် တာဝန်ရှိသူတွေ အားလုံးပူးပေါင်းပြီး ပြင်ဆင်ဆောင်ရွက်ထား ပြီးဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေအနေနဲ့ တစ်ဦးနဲ့ တစ်ဦး သတ်မှတ်အကွာအဝေးက မဲပေးနိုင်ဖို့လည်း စီစဉ်ဆောင်ရွက် ထားပါတယ်။ မဲရုံ(၁)မှာ ဆိုရင် မဲပေးတဲ့အခန်းက ကျဉ်းတဲ့အတွက် အမျိုးသားလွှတ်တော် မဲပုံးအတွက် တစ်ခန်း၊ ပြည်သူ့လွှတ်တော်မဲပုံးအတွက် တစ်ခန်းဆိုပြီး စီစဉ်ထားပါတယ်။ မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ နံနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ မဲပေးနိုင်မှာဖြစ်ပေမယ့် ညနေ ၄ နာရီမှာ မဲရုံပရဝဏ် အတွင်းမှာရှိနေသေးတဲ့ မဲဆန္ဒရှင်အားလုံး အပြည့်အဝ မဲပေးခွင့်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရပ်ကွက်ကော်မရှင်အနေနဲ့ ရပ်ကွက်အတွင်းမှာရှိတဲ့ မဲပေးပိုင်ခွင့် ရှိသူတွေအားလုံး မဲပေးခွင့် မဆုံးရှုံး စေရေးအတွက် လိုက်လံ ဆော်ဩထားပါတယ်။ လုံခြုံရေးနဲ့ပတ်သက်လို့လည်း ရွေးကောက်ပွဲ အထူးရဲတွေ၊ ရပ်ကွက်လုံခြုံရေးအဖွဲ့၊ ကော်မရှင် အဖွဲ့ခွဲနဲ့ပူးပေါင်းပြီး မဲပုံးတွေကို အပြည့်အဝ စောင့် ရှောက်ပါတယ်။ ကျွန်တော်တို့ ရပ်ကွက် မှာရှိတဲ့ မဲဆန္ဒရှင်ဦးရေနဲ့ မဲပေးဖို့ သတ်မှတ်ထားတဲ့ အချိန်က အဆင်ပြေလုံလောက်မှု ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆန္ဒမဲ လာရောက်ပေးကြတဲ့ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း အေးအေး ဆေးဆေး မဲပေးနိုင်အောင် ဆောင်ရွက်ထားတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ အေးချမ်းစွာ လာရောက်မဲပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
တွေ့ဆုံမေးမြန်း-မျိုးသူဟိန်း၊ ဟိန်းမင်းစိုး
ဓာတ်ပုံ-မျိုးမြင့်(သတင်းစဉ်)