မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အများပြည်သူတို့အနေဖြင့် အမှုအခင်းများပေါ်ပေါက်လာလျှင် တိုင်ကြားအရေးယူဖမ်းဆီးနိုင်သည့် အဖွဲ့အစည်းအဖြစ် သာမန်အားဖြင့် နားလည်ထားကြသည်။ အမှန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တပ်မတော်၏ အဓိက အရန်အင်အားဖြစ်ပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များအပြင် “သစ္စာ၊ သမာဓိ၊ သတ္တိ”ဆိုသည့် ဆောင်ပုဒ်ကို ဦးထိပ်ပန်ဆင်ပြီး ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ရည်မှန်းချက်တာဝန်(၄)ရပ်နှင့် ပြစ်မှုများ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားပြီးပြစ်မှုများ စုံစမ်းဖော်ထုတ်တရားစွဲတင်ရေး၊ နိုင်ငံတော်အတွင်း စည်းကမ်းသေဝပ်ရေး၊ ပြည်သူလူထုလုံခြုံရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို တားဆီးနှိမ်နင်းရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးဆိုသည့် လုပ်ငန်းတာဝန်(၆)ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော်လျက်ရှိသည်။ ယနေ့ကာလတွင် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ် အောင်မြင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကာ တပ်မတော်၊ ပြည်သူတို့နှင့်အတူ အကြမ်းဖက်မှုချေမှုန်းရေးတွင်လည်း လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၏ စွန့််လွှတ်စွန့်စားမှုများနှင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်မှုများကို အသိအမှတ်ပြုသောအားဖြင့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂ ရက် နေ့မှ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရဲသူရတံဆိပ်ရ ငါးဦး၊ ရဲဗလတံဆိပ်ရ ၂၀၊ ရဲသူရိန်တံဆိပ်ရ ၁၀ ဦး၊ ရဲကျော်စွာတံဆိပ်ရနှစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၄၅၈၇ ဦးတို့ကို နိုင်ငံတော်က ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။
“ရဲတပ်ဖွဲ့ဝင်များ၏ စွန့်လွှတ်စွန့်စားမှုများနှင့် တာဝန်ထမ်းဆောင်မှုများကို နိုင်ငံတော်က အမြဲအလေးထားအသိအမှတ်ပြုပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို စိစစ်ချီးမြှင့် ဂုဏ်ပြုပေးလျက်ရှိကြောင်း၊ မိမိကျရာကဏ္ဍတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ရင်း အသက်ပေးလှူခြင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း စွန့်လွှတ်သွားခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များ၏ ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်၊ ကြိုးပမ်းမှုများအပေါ်တွင်လည်း ဂုဏ်ယူလေးစားပါကြောင်းနှင့် မိသားစုများကိုလည်း အသိအမှတ်ပြုပါကြောင်း” နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံဒေသအနှံ့အပြားက ပြည်သူများကြားတွင် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ပြည်သူများ၏ လူနေမှုဘဝ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များကို ထမ်းဆောင်နေသည့်အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးကို ဆောင်ရွက်ပေးနေသကဲ့သို့ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာတစ်ဝန်း၌ ဒုက္ခပေးနေသည့် မူးယစ်ဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ပြည်တွင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်လျက်ရှိရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။ တရားမဝင်အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှု ဒုစရိုက်ဂိုဏ်းများ ဖော်ထုတ်အရေးယူရေးလုပ်ငန်းများကိုလည်း ထမ်းဆောင်လျက်ရှိသည်။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ရှာဖွေဖော်ထုတ်၍ နိုင်ငံအကျိုးပြုလျက်ရှိသည်။ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များကြောင့် ထိခိုက်ခံစားရသောဒေသများတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပြည်သူများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးအား နိုင်ငံတော်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ စွန့်လွှတ်စွန့်စားရဲတပ်ဖွဲ့ဝင်များအား အသိအမှတ်ပြုဂုဏ်ပြုချီးမြှင့်လျက်ရှိရာ တပ်ဖွဲ့ဝင်တစ်ဦးချင်းကလည်း စွမ်းရည်မြင့်မားရေး၊ အရည်အသွေးပြည့်မီရေးအတွက် စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်သွားရန်၊ ပြည်သူလူထုနှင့် အနီးကပ်ဆက်ဆံရသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ပြည်သူနှင့် တစ်သားတည်းဖြစ်အောင် ဆောင်ရွက်သွားကြရန်၊ ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရည်မှန်းချက်တာဝန်(၄)ရပ်နှင့် လုပ်ငန်းတာဝန်(၆)ရပ်တို့ကို အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။