Skip to main content

နီးသည်ထက်နီးလာသည့် အကြမ်းဖက်တို့နေဝင်ချိန်

တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ကျောက်မဲမြို့ကို အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်းတွင် အပြည့်အဝ ပြန်လည်စိုးမိုးထိန်းချုပ်လိုက်ပြီးနောက် အောက်တိုဘာလ ၂ ရက်နေ့တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းများ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာကြသည်။ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးနှင့် ကျန်းမာရေး၊ ပညာရေးတို့အပါအဝင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် ကူညီထောက်ပံ့ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများကိုပါ သယ်ဆောင်လာခဲ့ကြခြင်းလည်းဖြစ်သည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်များအတွင်း ပြည်တွင်း၌ဖြစ်ပွားခဲ့သည့် မငြိမ်မသက်မှုအခြေအနေများအပေါ် အခွင့်ကောင်းယူကာ EAO အချို့တို့၏ ဟန်ဆောင်မျက်နှာဖုံးများ ကွာကျခဲ့ကြသည်။ ထိုစဉ်က လူမှုကွန်ရက်များပေါ်တွင် တွေ့ခဲ့ရသည့် EAO ခေါင်းဆောင်ဆိုသူအချို့တို့၏ အတွေးအခေါ်နှင့် စိတ်ဓာတ်တို့မှာလည်း လွန်စွာ သေးသိမ်ကျဉ်းမြောင်းနိမ့်ကျလှသည့်အပြင် နိုင်ငံ၌ အရေးကြုံလာသည့်အချိန်တွင် ရသလောက် အမြတ်ထုတ်နိုင်ရန်ကိုသာ ကြိုးပမ်းခဲ့ကြသည်ကို တွေ့ရသည်။ ပြည်ထောင်စုစိတ်ဓာတ် ခေါင်းပါးနေကြပြီး လူမျိုးရေးအငုံ့စိတ်များ ဖုံးလွှမ်းနေကြသူများ ဖြစ်သည့်အလျောက် မြို့ရွာဒေသများကို စစ်ရေးအရ ယာယီအားဖြင့် ထိန်းချုပ်နိုင်ခွင့်ရခဲ့သည့်ကာလအတွင်း ၎င်းတို့ကိုယ်ကိုယ် လူမျိုးကြီးဝါဒ စွဲကိုင်ပြီး ခွဲခြားဆက်ဆံမှုများပြုလုပ်ခြင်း၊ လက်နက်အားကိုးဖြင့် နိုင်ထက်စီးနင်း ပြုမူခြင်းစသည်တို့ကို ဒေသခံတိုင်းရင်းသား ပြည်သူလူထုအပေါ် ပြုလုပ်ခဲ့ကြသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး - လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးမှာ အရှေ့မြောက်နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့်အပြင် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများအတွက်လည်း အရေးကြီးသည်။ ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ- သီပေါ-လားရှိုး စသည့် မြို့ကြီးများကို ဖြတ်သန်းသွားသည့် အဆိုပါ လမ်းမကြီးပေါ်တွင် ပို့ကုန်သွင်းကုန်များ တင်ဆောင်သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်ကြီးများ နေ့ညမရွေး လုံခြုံချောမွေ့စွာ မောင်းနှင်နိုင်ခဲ့ကြသည့်ကာလတွင် အဆိုပါမြို့ကြီးများမှာလည်း ရောင်းပန်းဝယ်ပန်း စီးပွားရေးအခွင့်အလမ်းများ ပွင့်လန်းကာ စည်ကားခဲ့ကြသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)သာမက ကျန်နိုင်ငံတစ်ဝန်းလုံးရှိ ဒေသအသီးသီးတို့တွင်လည်း ထိုနည်းတူစွာ တရားဥပဒေအပြည့်အဝစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းခဲ့သည့် ကာလတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စတင်အရှိန်ယူနိုင်ခဲ့ပြီး အလားအလာကောင်းများ ဖြစ်ပေါ်ခဲ့သည်။ လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အကြမ်းဖက်လက်နက်ကိုင် တိုက်ခိုက်မှုများသည် ဒေသများအတွက်ရော နိုင်ငံအတွက်ပါ ထိခိုက်ဆုံးရှုံးမှုများကိုသာ ဖြစ်စေသည်။ တစ်ချိန်တည်းမှာပင် ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့ကိုလည်း လွန်စွာ နိမ့်ကျသွားစေပြီး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်များ စတင်ချိန်မှ ယနေ့အထိ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ ပျက်ပြားသွားခြင်းမရှိသည့် မြို့ရွာဒေသအများအပြားရှိခဲ့ရာ ဒေသခံပြည်သူများမှာလည်း အေးချမ်းသာယာစွာဖြင့် ပရိယေသန ဝမ်းစာရှာဖွေနိုင်ခဲ့ကြပြီး လုံခြုံစိတ်ချစွာ အိပ်စက်နိုင်ခဲ့ကြသည်။ မိမိတို့၏ ရင်သွေးငယ်များ ဘဝရှေ့ရေးအတွက် နှစ်စဉ်မပျက် ပညာသင်ယူနိုင်ခဲ့ကြသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း နေ့ညအချိန်အခါမရွေး ရယူနိုင်ခဲ့ကြသည်။ ထို့အပြင် မကြာခင်ရက်ပေါင်း ၈၀ ကျော်မျှသော အချိန်ကာလအတွင်း နိုင်ငံသားတို့၏ ဒီမိုကရေစီအခွင့်အရေးတစ်ရပ်ဖြစ်သည့် ဆန္ဒမဲပေးခွင့်ဖြင့် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ကြရတော့မည်ဖြစ်သည်။

ယခုအခါ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်နှင့် ၎င်းတို့၏ လူမဆန်သောလုပ်ရပ်များ၊ နိုင်ထက်စီးနင်းပြုမှု၊ လူမျိုးရေးခွဲခြားမှုတို့ကို ကိုယ်တွေ့ကြုံခဲ့ကြ ရသည့် ဒေသခံတိုင်းရင်းသားများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက ရွံရှာစက်ဆုပ်လျက်ရှိကြရာ အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေးများတွင် တစ်တပ်တစ်အား ပူးပေါင်းပါဝင်လျက်ရှိကြသည့်အလျောက် လက်နက်ကိုင်သောင်းကျန်းသူတို့၏ နေဝင်ချိန်မှာ နီးသထက်နီးလာပြီဖြစ်သည့်အကြောင်း။ ။