Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကချင်ပြည်နယ်ရှိ အားကစားအဆောက် အအုံများနှင့် အသက်(၂၅)နှစ်အောက်(အမျိုးသမီး) ဘောလုံးအသင်း လေ့ကျင့်မှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား အောက်တိုဘာ ၁

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အားကစား အဆောက်အအုံများ၏ အခြေအနေကိုကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ် ပြည်သူ့အားကစားကွင်းအတွင်း မြက်ခင်းအသစ် စိုက်ပျိုးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ငြိမ်းချမ်းသာယာရေကူးကန်၊ ငြိမ်းချမ်းသာယာ ဖူဆယ်ရုံ၊ ကြက်တောင်အားကစားခန်းမ၊ ဘော်လီဘောရုံနှင့်မြစ်ကြီးနား ခရိုင်အားကစားကွင်းတို့ကိုလှည့်လည်ကြည့်ရှု၍ လိုအပ်ချက်များကိုမှာကြားကာ အသက် (၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးအသင်း၏လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးစကား ပြောကြားသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဒေသတွင်းလူငယ်များနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားအဆောက် အအုံများ ခေတ်မီပြည့်စုံစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်ရှိစစ်ဆေးခဲ့သည့် အားကစားကွင်းများကိုလည်းရေရှည်တည်တံ့ ခိုင်မြဲစေရေး ထိန်းသိမ်းဆောင်ရွက်သွားရန်၊ အများပြည်သူလာရောက်ကစားရာတွင် အားကစားကွင်း/ရုံများ သန့်ရှင်းသာယာသပ်ရပ်မှုရှိစေရန်၊ အားကစားကွင်း/ရုံများ ပြည့်စုံလုံလောက်စေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျက်တွင်ထည့်သွင်းလျာထား ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်၏ အားကစားအဆင့်အတန်း မြင့်မားတိုးတက်လာစေရေးအတွက် ထူးချွန်ထက်မြက်အရည် အချင်းရှိမျိုးဆက်သစ်လူငယ်အားကစားသမားများ ရှာဖွေဖော်ထုတ်လေ့ကျင့်ပျိုးထောင်ပေးရေး လုပ်ငန်းစဉ်များကို အလေးအနက်ထား ဆောင်ရွက်သွားရန်မှာကြားသည်။

ထို့နောက် နောင်ရာရပ်ကွက်တွင် ခိုလှုံနေထိုင် သည့် ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စုများကို စားသောက်ကုန်နှင့် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ပြီး အံတော်ရှင်ဘုန်းတော်ကြီး ကျောင်း၌ ခိုလှုံနေရသည့် မိသားစုများအတွက် လိုအပ်သော အားကစားပစ္စည်းများနှင့် စာရေးကိရိယာများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်