ရန်ကုန် နိုဝင်ဘာ ၅
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနှင့် ရန်ကုန် ခုတင် ၅၀၀ အထူးကု ဆေးရုံကြီးသို့ အလှူရှင် အမေရိကန်နိုင်ငံ Seattle မြို့နေ Hissho Sushi ၏ တည်ထောင်သူ Mr. Philip Maung မှ Powered Air-purifying Respirator (PAPR)များ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ ညနေ ၃နာရီခွဲက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက အမှာစကားပြောကြားပြီး အလှူရှင်ကိုယ်စား Sea Lion Group မှ အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဝင်းဇော်အောင်က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားသည်။
ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ မော်မော်ဦးနှင့် ရန်ကုန် ခုတင် ၅၀၀ အထူးကုဆေးရုံကြီးမှ ရင်ခေါင်းခွဲစိတ်ဌာန ပါမောက္ခဌာနမှူး ဒေါက်တာ ထက်မြက်တို့ထံ အလှူရှင် ကိုယ်စား Sea Lion Group မှ အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဝင်းဇော်အောင်က Powered Air-purifying Respirator များ ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
ယနေ့ လှူဒါန်းပွဲတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန် ခုတင် ၅၀၀ အထူးကုဆေးရုံကြီးသို့ အလှူရှင် အမေရိကန်နိုင်ငံ Seattle မြို့နေ Hissho Sushi ၏ တည်ထောင်သူ Mr. Philip Maung မှ ငွေကျပ် သိန်း ၃၅၀ နှင့်ညီမျှသော Powered Air-purifying Respirator အစုံ ၅၀ ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-မင်းသစ်(MNA)၊ ဓာတ်ပုံ-ရဲထွဋ်