Skip to main content

ဒုတိယဝန်ကြီး ဦးမျိုးမြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တို့ဘာ ၁

ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မန္တလေးတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်အတူယနေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Oriental Highway Company Limited မှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မန္တလေး - ပြင်ဦးလွင်လမ်း မိုင်တိုင် ၁၃/၃ -၁၆/၂ အတွင်းပေ ၆၀ အကျယ် ကတ္တရာကွန်ကရစ် ခင်းခြင်းလုပ်ငန်းနှင့် မြေသားရေမြောင်းတူးခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုအခြေအနေကို သွားရောက်စစ်ဆေး၍ ဒုတိယဝန်ကြီးက လမ်းပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်ထားရှိရန်၊ လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာ သပ်ရပ်စေရေး အမြဲပြုပြင် ထိန်းသိမ်းရန်တို့ကိုမှာကြားကာလုပ်ငန်းများအားအသေးစိတ် လိုက်လံကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် သော်တာဝင်း ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်-တောင်ငူ-မန္တလေးလမ်း မိုင်တိုင် ၃၉၁ /၂ မှ ၃၉၂/၄ အတွင်း ကတ္တရာ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအား သွားရောက်စစ်ဆေးပြီး လမ်း အင်္ဂါရပ်များနှင့်အညီ ဆောင်ရွက်သွားရန်မှာကြားသည်။

ထို့နောက် ရန်ကုန် - တောင်ငူ- မန္တလေးလမ်း (လမ်းဟောင်း) မိုင်တိုင် ၃၈၈/၇ နှင့် ပလိပ်မြို့ရှောင် လမ်းဆုံသည့် ပလိပ်လမ်းဆုံ ယာဉ်ကြောရှုပ်ထွေးမှုနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့ကို လမ်းဦးစီးဌာနဒုတိယညွှန်ကြား ရေးမှူးချုပ်က ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးကယာဉ်သွားလာမှု စနစ်တကျဖြစ်စေရေးနှင့် အန္တရာယ်ကင်းစေရေးအတွက် သတ်မှတ်ချက်များနှင့် အညီ လမ်းညွှန်း၊ လမ်းအမှတ်အသား အချက်ပြများ စနစ်တကျဆောင် ရွက်သွားရန်မှာ ကြားပြီးဆောင်ရွက် ထားရှိမှုတို့ကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်- မန္တလေးလမ်းပိုင်း) ပေါ်ရှိ စကားအင်းတိုးလ်ဂိတ်နှင့် သီးကုန်းတိုးလ်ဂိတ်တို့တွင် လမ်းအသုံးပြုခ ကောက်ခံရရှိမှု အခြေအနေ၊ တိုးလ်ဂိတ် အဆောက်အအုံနှင့် CCTV အခန်းတို့ကို ကြည့်ရှုစစ်ဆေး ပြီးကောက်ခံရရှိမှု စာရင်းဇယားများ မှန်ကန်မှုရှိစေရေး၊တိုးလ်ဂိတ် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ပြီး ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် မကြာမီ သီတင်းကျွတ်ပိတ်ရက် ကာလရောက်ရှိလာမည် ဖြစ်၍ ယာဉ်ကြောများ ပိတ်ဆို့မှုမရှိစေ ရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။

 သတင်းစဉ်