Skip to main content

ကြက်မောက်တောင်ရေလှောင်တမံ ကြံ့ခိုင်မှုနှင့် ဆက်စပ်ရေအားအဆောက်အအုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၁

တိုင်ဖွန်းမုန်တိုင်း (BUALOI) အကြွင်းအကျန်များအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် နေရာကွက်ပြီး မိုးများရွာသွန်းလျက်ရှိ သော်လည်း ဆည်တမံများ ရေဝင်ရောက်မှုနှင့် တမံကြံ့ခိုင်မှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့ စစ်ဆေးလျက်ရှိရာ တမံများ၏ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင် ရေလှောင်တမံ၏ စီးဝင်ချောင်းများတွင် မိုးများရွာသွန်း၍ ရေလှောင်ကန်အတွင်း စီးဝင်ရေများပြားပြီး ရေလှောင်တမံ၏ ရေပိုလွှဲမှ ရေကျော်စီးဆင်းလျက်ရှိရာ ရေလှောင်တမံရေဝင်ရောက်မှု အခြေအနေနှင့် ဆက်စပ်ရေအား အဆောက်အအုံကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ကြက်မောက်တောင် ရေလှောင်တမံအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လက်ရှိရေသိုလှောင်ထားရှိမှု ပမာဏအရတမံကြံ့ခိုင်မှုနှင့် ‌ဘေးကင်းလုံခြုံမှု စိတ်ချကောင်းမွန်မှုရှိသော်လည်း သတ်မှတ်ထားသည့် စောင့်ကြည့်ထိန်းသိမ်းရေး လုပ်ငန်းများကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန်နှင့်ရေလှောင်တမံ ကြံ့ခိုင်မှုနှင့် ဆက်စပ်ရေအား အဆောက်အအုံများကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးခြင်း၊ အရေး ပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက် (Emergency Preparedness Plan -EPP)ပါ လုပ်ငန်းစဉ်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်နှင့် ရေပြန်လည်ကျဆင်းချိန် စစ်ဆေးဆောင်ရွက်ရမည့် လုပ်ငန်းများအားစနစ်တကျ ဆက်လက်ဆောင်ရွက်ကြရန်၊ ကန်ရေပြည့် ရေလှောင်ပမာဏထက် ရေပိုမိုသိုလှောင်နိုင်ရေး စီမံဆောင်ရွက်ရန်၊ ယခင်နှစ်များထက် ရေပိုမိုသိုလှောင်ထားရှိနိုင်မည်ဖြစ်သည့်အတွက် စိုက်ပျိုးဧရိယာတိုးချဲ့ရေပေးဝေနိုင်ရေးနှင့် သီးထပ် စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဦးစီးဌာနများ ပူးပေါင်းဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းတည်ရှိသည့် ကြက်မောက်တောင် ရေလှောင်တမံသည် ယခုနှစ် မိုးရွာသွန်းမှု ကောင်းမွန်မှန်ကန်မှုရှိခဲ့သဖြင့် စက်တင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီတွင် ကန်ရေပြည့်မှတ်သို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၃ နာရီတွင် ရေပိုလွှဲ မှ အမြင့်ဆုံး ၃ ဒသမ ၄၀ ပေအထိ ရေကျော်စီးဆင်းလျက်ရှိခဲ့သော်လည်း ယနေ့ အောက်တိုဘာ ၁ ရက်တွင် ရေပိုလွှဲမှ အမြင့်ပေ ၂ ဒသမ ၇ ပေသာ ရေကျော်မှုရှိ‌သောကြောင့်ရေအမှတ်များ ပြန်လည်ကျဆင်းလျက်ရှိ‌သည်။

အလားတူ ရေလှောင်တမံအောက်ပိုင်း မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမှာလည်း စက်တင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ကားလမ်းမပေါ် ရေနှစ်ပေခန့် ကျော်ခဲ့ပြီး ယနေ့ နံနက်ပိုင်းမှ စတင်၍ ရေကျော်မှုလျော့နည်းလာသဖြင့် မော်တော်ယာဉ်ငယ်လေးများပါ ဖြတ်သန်းမောင်းနှင်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကြက်မောက်တောင် ရေလှောင်တမံအနီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်