နေပြည်တော် အောက်တိုဘာ ၁
အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းနှင့် ကော်မတီဝင်ဒုတိယဝန်ကြီးများ၊ နေပြည်တော်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ဆေးဘက်ဆိုင်ရာ ကုထုံးအသစ်များ၊ ကျန်းမာရေးဆိုင်ရာ အသိပညာများ၊ ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာပြီး လူတစ်ဦးချင်း၏ မျှော်မှန်းသက်တမ်းများ မြင့်တက်လာကာ သက်ကြီးပုဂ္ဂိုလ်ဦးရေသည် တဖြည်းဖြည်းတိုးပွားလာနေပါကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ ၅၁ သန်းကျော်အနက် အသက် ၆၀ နှင့်အထက် ဦးရေသည် ၆ ဒသမ ၁ သန်းကျော်ရှိသည့်အတွက် စုစုပေါင်းလူဦးရေ၏ ၁၂ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ၂၀၅၀ ပြည့်နှစ်တွင် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်ဦးရေသည် ၁၃သန်းခန့်ရှိလာပြီး စုစုပေါင်းလူဦးရေ၏ ၂၀ ရာခိုင်နှုန်းထိ တိုးပွားလာမည်ဟု ခန့်မှန်းထားကြောင်း၊ မြန်မာနိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်းကို ကြည့်မည်ဆိုပါက ၂၀၁၄ ခုနှစ်တွင် ၂ ဒသမ ၅ ရာခိုင် နှုန်းရှိရာမှ ၂၀၂၃ ခုနှစ်တွင် ၂ ဒသမ ၁ ရာခိုင်နှုန်းဖြစ်သည့်အတွက် ဆက်လက်ကျဆင်းနေကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းတွင် ၅ နှစ် အောက် ကလေးသေဆုံးမှုနှုန်းသည် ၄ ရာခိုင်နှုန်း နီးပါးဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သော်လည်း မွေးဖွားနှုန်းနှင့် နှိုင်းယှဉ်လျှင် သေဆုံးမှုနှုန်းက ပိုများနေသည်ကိုတွေ့ရကြောင်း။
အချိန်ကြာလာသည်နှင့်အမျှ လူဦးရေပြန်ဖြည့်ရန် ခဲယဉ်းလာမည်ဖြစ်ပြီး လူအိုအများစုဖြစ်လာသော Ageing Society ဘဝကို မကြာမီရောက်ရှိလာ နိုင်ကြောင်း၊ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ ဦးတည်ချက်ဆောင်ပုဒ်ကို “ဘဝချမ်းသာ အခွင့်အရေးများရရှိရေး သက်ကြီးသူများ ဦးဆောင်ပါဝင်ပေး” ဟု ချမှတ်တိုက်တွန်း နှိုးဆော်လိုက်ခြင်းဖြစ်ပါကြောင်း၊ ဘိုးဘွားရိပ်သာများအား အဆင့်အလိုက် ငွေကြေးထောက်ပံ့ခြင်းနှင့် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်သည့် နည်းပညာများ ပံ့ပိုးပေးခြင်းနှင့် တစ်နိုင်ငံလုံးတွင် လူမှုရေးပင်စင်အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင် ခြောက်လစာကို သက်ကြီးပုဂ္ဂိုလ် ၁၂၁၆၂၂ ဦးကို ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ၇ ဒသမ ၂၁၇ ဘီလီယံကျော်အား သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲများကနေ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ သက်ကြီး ပုဂ္ဂိုလ်များနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာတစ်နိုင်ငံလုံးမှ အသက်အကြီးဆုံး အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးကို ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းစီကို ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သက်ကြီးပုဂ္ဂိုလ်ပြုစုစောင့်ရှောက်ရေးနှင့် အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်ဗီဒီယို မှတ်တမ်းကိုပြသပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များက အခမ်းအနားသို့ တက်ရောက်လာသော ဘိုးဘွားများအား လူသုံးကုန်၊ ဆေးဝါး ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်