နေပြည်တော် အောက်တိုဘာ ၁
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစားရဲအရာရှိကြီးများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရင်း ကျဆုံးခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား အမှတ်ရဂုဏ်ပြုသောအားဖြင့် (၁)မိနစ်ငြိမ်သက်ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် “ပြည်သူ့ရဲတပ်ဖွဲ့” ဟုခေါ်ဝေါ်သတ်မှတ်ခဲ့ပြီး ရဲတပ်ဖွဲ့နေ့အဖြစ် စတင်သတ်မှတ်ခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူ့ရဲတပ်ဖွဲ့မှ “မြန်မာနိုင်ငံရဲတပ်ဖွဲ့” ဟု ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် “သစ္စာ၊ သမာဓိ၊ သတ္တိ” ဆိုသည့်ဆောင်ပုဒ်ကို ဦးထိပ်ပန်ဆင်ထားပြီး ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ဖြစ်လာစေရန် ဆောင်ရွက်လျက်ရှိလာသည်မှာ ယခုအခါ (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ယနေ့ကာလတွင် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ် အောင်မြင်စေရေး အလေးထား ဆောင်ရွက်လျက်ရှိပြီးတပ်မတော်၊ ပြည်သူတို့နှင့်အတူ အကြမ်းဖက်မှုချေမှုန်းရေးကိုလည်း ပိုမိုလက်တွဲ ပူးပေါင်းဆောင်ရွက်ရန် အလေးထား သွားကြရမည်ဖြစ်ကြောင်း။
ထို့ပြင် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးဆိုသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်နှင့် ပြစ်မှုများမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားပြီးပြစ်မှုများ စုံစမ်းဖော်ထုတ်တရားစွဲတင်ရေး၊ နိုင်ငံတော်အတွင်း စည်းကမ်း သေဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထုလုံခြုံရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို တားဆီးနှိမ်နင်းရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးဆိုသည့် လုပ်ငန်းတာဝန် (၆) ရပ်ကိုလည်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံဒေသအနှံ့အပြားက ပြည်သူများအကြားတွင် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ပြည်သူများ၏ လူနေမှုဘဝတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရခြင်းဖြစ်သဖြင့် ရဲတပ်ဖွဲ့ဝင်များသည် ရဲတပ်ဖွဲ့၏ လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်း၊ အရည်အသွေးများအပြင် ပြည်သူ့ဆက်ဆံရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင်လည်း နားလည်ကောင်း မွန်နေဖို့လိုကြောင်း။
ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးသည့်နိုင်ငံများတွင် ရွေးကောက်ပွဲသည် အဓိကအကျဆုံး ဒီမိုကရေစီကျင့်စဉ်တစ်ရပ်ဖြစ်ကြောင်း၊ ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို စတင်ကျင်းပ ပြုလုပ်တော့မည်ဖြစ်ကြောင်း၊ ပြည်သူများလိုလားတောင့်တခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်က ပြန်လည်ဖော်ဆောင်ခိုင်မာစေပြီး ပြည်သူ့လက်ကို အရောက်အပ်နှင်းတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်သူ့လုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန်နှင့် ပြည်သူအားလုံးဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးကြရန်မှာကြားလိုကြောင်း၊ နိုင်ငံဖြတ်ကျော် မှုခင်းများသည် နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်လုံခြုံရေးတို့အတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေကြောင်း၊ အဆိုပါမှုခင်းများကို နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မဟုတ်သည့်အတွက် နိုင်ငံများအကြား ပေါင်းစပ်ညှိနှိုင်းချိတ်ဆက်တုံ့ပြန်မှုနှင့် ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသအဆင့် ကြိုးပမ်းဆောင်ရွက်မှုများအနေဖြင့် ဒေသဆိုင်ရာရဲအဖွဲ့များဖွဲ့စည်းပြီး နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးကို ဆောင်ရွက်ပေးနေသကဲ့သို့ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)နှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အတွင်း မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သူ တရားခံ ၅,၁၁၅ ဦးကို စုစုပေါင်းတန်ဖိုးငွေ ကျပ် ၉၇၇ ဘီလီယံကျော်ရှိသည့် မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ယခုကဲ့သို့ ကမ္ဘာကိုဒုက္ခပေးနေသည့် မူးယစ်ဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ချီးကျူးဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံတွင်ယခင်က ထိန်းချုပ်ဓာတုပစ္စည်း ၃၉ မျိုးကို ထိန်းချုပ်ခဲ့ရာမှ ယခုထိန်းချုပ်ဓာတုပစ္စည်း ၄ မျိုး ထပ်တိုးပြီး စုစုပေါင်း ၄၃ မျိုးကို ထုတ်ပြန်ထားကြောင်း၊ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ မီးရှို့ဖျက်ဆီးပွဲတွင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၆ မျိုး၊ စုစုပေါင်း ငွေကျပ် ၁,၀၇၂ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၂၉၇ သန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း။
မူးယစ်ဆေးသည် လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးစေမည့် အန္တရာယ်ဖြစ်သဖြင့် မူးယစ်ဆေးထုတ်လုပ်နိုင်သည့် အရင်းအမြစ်များကအစဖော်ထုတ်ရှင်းလင်းသွားနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးကို အမျိုးသားရေး ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်လာစေရေး ပညာပေးခြင်း၊ ဆန့်ကျင်ခြင်း၊ နှိမ်နင်းခြင်းတို့ကိုလည်းပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ၁၉၉၇ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်မှာ ယခုအခါ စတုတ္ထ ၅ နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆) ခုနှစ်ကို မဟာဗျူဟာ (၃) ရပ်၊ နည်းဗျူဟာ (၄) ရပ်၊ လုပ်ငန်းကဏ္ဍ (၄) ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအထိ အမှုပေါင်း ၇၂ မှု စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူ ကျား (၃) ဦးတို့ကို ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ကာ မြန်မာငွေကျပ် ၄ ဒသမ ၆၀၅ ဘီလီယံခန့်ကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ တရားမဝင်အွန်လိုင်းဂိမ်းနှင့် အွန်လိုင်းငွေကြေး လိမ်လည်မှုတို့ကို အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူမှု ၁၆၂ မှု၊ တရားခံ ကျား ၁,၈၈၂ ဦး၊ တရားခံ မ ၆၀၉ ဦး၊ စုစုပေါင်း ၂,၄၉၁ ဦးကို အရေးယူနိုင်ခဲ့ကြောင်း။
ရဲတပ်ဖွဲ့ဝင်များ၏ စွန့်လွှတ်စွန့်စားမှုများနှင့် နိုင်ငံတော်က အမြဲအလေးထားအသိအမှတ်ပြုပြီး တာဝန်ထမ်းဆောင်မှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို စိစစ်ချီးမြှင့် ဂုဏ်ပြုပေးလျက်ရှိကြောင်း၊ မိမိကျရာ ကဏ္ဍတွင်တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်ပေးလှူခြင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း စွန့်လွှတ်သွားခဲ့ရသည့် ရဲတပ်ဖွဲ့ဝင် များ၏ ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်၊ ကြိုးပမ်းမှုများအပေါ်တွင်လည်း ဂုဏ်ယူ လေးစားပါကြောင်းနဲ့ မိသားစုများကိုလည်း အသိအမှတ်ပြုသည်ကို ပြောကြားလိုကြောင်း။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှယနေ့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့အထိ ရဲသူရတံဆိပ် ၅ ဦး၊ ရဲဗလတံဆိပ် ၂၀ ဦး၊ သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် ၁ ဦး၊ ရဲသူရိန်တံဆိပ် ၁၀ ဦး၊ ရဲကျော်စွာတံဆိပ် ၂ ဦး အပါအဝင် စုစုပေါင်း ၄,၅၈၇ ဦးတို့ကို ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည့် ဒေသများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအနေဖြင့် တပ်မတော်၊ ဒေသခံပြည်သူလူထု၊ သက်ဆိုင်ရာ ဒေသအလိုက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အရေးပေါ်တုံ့ပြန်မှုအား အမြန်ဆုံး ဆောင်ရွက်နိုင်ခဲ့ သည့်အတွက်လည်း ချီးကျူးဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” ဆိုသည့် မျှော်မှန်းချက်များနှင့် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်သွားကြရန်၊ ထိုသို့ တည်ဆောက်ရာတွင် ခေတ်မီလက်နက် အသုံးအဆောင်ပစ္စည်းများ စသည်များကို ခေတ်ကာလနှင့် လျော်ညီအောင် နိုင်ငံတော်ကတိုးမြှင့်ဖြည့်ဆည်းဆောင်ရွက်ပေးနေ သကဲ့သို့ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီကလည်း အဖွဲ့အစည်းကောင်း တစ်ခု၏ အနှစ်သာရဖြစ်သည့် စွမ်းရည်မြင့်မားရေး၊ အရည်အသွေးပြည့်မီစေရေးတို့အတွက် စဉ်ဆက်မပြတ်လေ့ကျင့်ဖြည့်ဆည်း ဆောင်ရွက်သွားကြရန်၊ ပြည်သူလူထုနှင့် အနီးကပ်ဆက်သွယ် ဆက်ဆံနေထိုင်ရသည့် အဖွဲ့အစည်းဖြစ် သည်နှင့်အညီ ပြည်သူ့ဆက်ဆံရေး၊ ပြည်သူ့စည်းရုံးရေးတို့ကို ပြည်သူနှင့်တစ်ဆက်တည်းဖြစ်အောင် ဆောင်ရွက်သွားကြရန်၊ ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရည်မှန်းချက်တာဝန် (၄)ရပ်နှင့် လုပ်ငန်းတာဝန် (၆)ရပ်တို့ကို အောင်မြင်အောင် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် မှတ်တမ်း Video Clip ကို ပြသသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ တပ်ဖွဲ့ဝင် ၄ ဦးကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ ၃ ဦးကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က စွမ်းရည်သတ္တိဂုဏ်ထူးဆောင် တံဆိပ်ရရှိသူ ၁ ဦးနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ပြုဆုတံဆိပ်ရရှိသူ ၂ ဦးကိုလည်းကောင်း ဂုဏ်ထူးဆောင် ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ တပ်ဖွဲ့/ဌာနများတွင် အသုံးပြုလျက်ရှိသည့် စက်ကိရိယာများ၊ နည်းပညာဆိုင်ရာ ပစ္စည်းများ၊ လက်နက်များ၊ ဝတ်စုံများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ပြခန်းများအတွင်း စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်းသတင်းရရှိသည်။