နေပြည်တော် နိုဝင်ဘာ ၅
ပထမအကြိမ် အာဆီယံ ဆိုက်ဘာလုံခြုံရေး ပူးပေါင်းကော်မတီ အစည်းအဝေး (1st ASEAN Cybersecurity Coordinating Committee Meeting– 1st ASEAN Cyber-CC Meeting) အား ယနေ့မွန်းလွဲပိုင်းက လာအိုနိုင်ငံ စာတိုက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ခံ၍ အွန်လိုင်းဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဆိုက်ဘာ လုံခြုံရေး ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ ကိုယ်စားလှယ်များနှင့်အဖွဲ့ဝင်များ၊ သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနတို့မှ ကဏ္ဍအလိုက် တာဝန်ရှိသူများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ-အာဆီယံပြန်ကြားရေး အဆင့်မြင့် အရာရှိကြီးများအဆင့် (SOMRI-Myanmar) ကိုယ်စား ပြန်ကြားရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အာဆီယံ ဆိုက်ဘာလုံခြုံရေး ပူးပေါင်းကော်မတီ၏ မူဘောင်သဘောတူညီချက် (ASEAN Cybersecurity Coor-dinating Committee Terms of Reference-TOR) (မူကြမ်း) ကို သက်ဆိုင်ရာ Working Group အဖွဲ့ဝင်များက ဆွေးနွေးအတည်ပြု ခြင်း၊ ဆိုက်ဘာလုံခြုံရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် စပ်လျဉ်းပြီး နိုင်ငံအလိုက် အကောင်အထည်ဖော်မှု အခြေအနေများအား အာဆီယံ နိုင်ငံအသီးသီးက ရှင်းလင်းတင်ပြခြင်း၊ အာဆီယံဆိုက်ဘာလုံခြုံရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်း စီမံချက်အား ရှင်းလင်းတင်ပြခြင်း၊ Cyberspace နှင့် စပ်လျဉ်းပြီး နိုင်ငံအလိုက် သတ်မှတ် ကျင့်သုံး နေသည့် စံချိန်စံညွှန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းစီမံချက်အပေါ် တက်ရောက် လာကြသူများက အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
၂၀၁၈ ခုနှစ်က စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး၌ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ ခေါင်းဆောင်များက ဆိုက်ဘာလုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ကြေညာချက် (ASEAN Leaders’ Statement on Cybersecurity Cooperation)အား အတည်ပြုခဲ့ကြပြီး အဆိုပါ ကြေညာချက်နှင့်အညီ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် (၄)ကြိမ်မြောက ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ အာဆီယံဝန်ကြီးများ ညီလာခံတွင် ASEAN Cross-Sectoral Cyber-security Coordinating Committee ကို သက်ဆိုင်ရာကဏ္ဍများ ပေါင်းစပ် ပါဝင်၍ တည်ထောင်နိုင်ရေး သဘောတူညီခဲ့ကြောင်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး က ASEAN Cyber-security Action Council (ASEAN Cyber-CC) ကို တည်ထောင်ရန် သဘောတူညီခဲ့ကြောင်း ဆက်လက်၍ အာဆီယံဆိုက်ဘာလုံခြုံရေး ပူးပေါင်း ကော်မတီ၏ မူဘောင်သဘောတူညီ ချက်(ASEAN Cybersecurity Coordinating Committee Terms of Reference-TOR) (မူကြမ်း)ကို ASEAN Network Security Action Council မှ ဦးဆောင် ရေးဆွဲ ခဲ့ပြီး ယခုအစည်းအဝေးကို အဆိုပါ မူဘောင်သဘောတူညီချက် (မူကြမ်း) နှင့်အညီ အာဆီယံ ဆိုက်ဘာလုံခြုံရေး ပူးပေါင်းကော်မတီ၏ ပုံမှန်အစည်းအဝေးများအား နှစ်စဉ်ကျင်းပသွားရန် ရှိကြောင်း သိရသည်။
နေပြည်တော်သတင်းဌာန