နေပြည်တော် စက်တင်ဘာ ၃၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သတ်မှတ်နေရာများ၌ ကျင်းပလျက်ရှိသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် ကွန်ပျူတာဆန်းစစ်မှုနှင့် လူတွေ့နှုတ်ဖြေ ဖြေဆိုဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ကွန်ပျူတာဆန်းစစ်ဖြေဆိုရာတွင် စက်များချွတ်ယွင်းမှုမရှိစေရေးနှင့် မေးမြန်းသည့်မေးခွန်းများအပေါ် နားလည်သဘောပေါက်မှုရှိစေရေး စောင့်ကြပ်ကြည့်ရှုဆောင်ရွက်ပေးရန်မှာကြားကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဝန်ထမ်းများဖြည့်တင်းနိုင်ရန် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူး အမျိုးသား၊ အမျိုးသမီး ၁၅၀ ခန့်ထားနိုင်ရေးအတွက် သတ်မှတ်ချက်နှင့်အညီ လျှောက်ထားသူများအား စက်တင်ဘာ ၆ ရက်တွင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များရှိ သတ်မှတ်နေရာ များ၌ အင်္ဂလိပ်စာရေးဖြေစာမေးပွဲများကို တစ်ပြိုင်တည်းကျင်းပခဲ့ပြီး အင်္ဂလိပ်စာရေးဖြေ စာမေးပွဲအောင်မြင်သူများကို ကွန်ပျူတာဆန်းစစ်မှုနှင့် လူတွေ့နှုတ်ဖြေ ဖြေဆိုမှုများကို နေပြည်တော်ရှိ သတ်မှတ်နေရာများ၌ကျင်းပကာ စစ်ဆေးမှုအောင်မြင်သူများအား လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးဖြင့် ခန့်ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်