Skip to main content

အလယ်အလတ်အဆင့်၊ အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၁၀၃) သင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၉

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်နှင့် ရန်ကုန်တို့တွင်ဖွင့်လှစ်သည့် အလယ်အလတ်အဆင့်၊ အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁၀၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦးက နိုင်ငံတော်က ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒများ အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန်၊ ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ရာတွင်ထိရောက်မှုရှိစေရန်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ အလုပ်တာဝန်များကို လုပ်ရည်ကိုင်ရည်ပြည့်ဝစွာဖြင့် လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်ရန်ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ခြင်းဖြင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ အရည်အသွေးများတိုးတက်လာစေပြီး ဌာနဆိုင်ရာလုပ်ငန်းများကို စွမ်းရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်ခြင်း၊ စာရင်းပညာနားလည်တတ်ကျွမ်းပြီး စည်းမျဉ်းစည်းကမ်းနှင့်အညီ အမှားအယွင်းမရှိ စာရင်းများပြုစုရေးဆွဲနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ယူမှုများကို နားလည်တတ်ကျွမ်းသည်အထိ ကြိုးစားလေ့လာသင်ယူရန်လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်သိက္ခာ၊ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာကြရန်နှင့် ကိုယ်ပိုင်အရည်အသွေးပိုမိုတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ဌာနအကျိုး သယ်ပိုးဆောင်ရွက်နိုင်ရန် ကြိုးစားစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်သင်တန်းကျောင်းတာဝန်ခံက သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို ဝန်ကြီးဌာနအဖွဲ့အစည်း ၃၁ ခုမှ အလယ်အလတ်အဆင့်သင်တန်းတွင် သင်တန်းသား ၂၅၉ ဦး၊ ဝန်ကြီးဌာနအဖွဲ့အစည်း ၂၆ ခုမှ အဆင့်မြင့်သင်တန်းတွင် သင်တန်းသား ၁၆၆ ဦး စုစုပေါင်း ၄၂၅ ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်နှင့် ရန်ကုန်တို့တွင် တစ်ပြိုင်တည်းဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက အွန်လိုင်းဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်