တွေ့ဆုံမေးမြန်း - သစ္စာ(သတင်းစဉ်)၊ ဓာတ်ပုံ- ဇွဲမာန် /BEHS(1) Dagon TS
နိုင်ငံတော်က လူငယ်များအား ပညာရေးစွမ်းရည်မြင့်မားပြီး အသိပညာဖွံ့ဖြိုးတိုးတက်မှုဖြင့် နိုင်ငံ့တာဝန်များအား ပခုံးပြောင်းထမ်းဆောင်နိုင်စေရန် ပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ လူငယ်ဖိုရမ်များနှင့် ဆွေးနွေးပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိသည့်အပြင် ကျောင်းသားလူငယ်များ အာဆီယံနှင့် နိုင်ငံတကာ အတွေ့အကြုံများရရှိပြီး နိုင်ငံအကျိုးပြုအသိပညာဗဟုသုတများ ရရှိစေရေးခရီးစဉ်များ ပို့လွှတ်စီစဉ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ ROSATOM” မှ ဖိတ်ခေါ်သည့် “ Icebreaker of Know-ledge” Project တွင် နိုင်ငံတစ်ဝန်း အတိုင်းအတာဖြင့် အသက် ၁၄ နှစ်မှ ၁၆ နှစ်ရှိ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုခဲ့ရာ တစ်ဦးတည်း Winner အဖြစ် အောင်မြင်မှုရရှိခဲ့သည့် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ မအိမ့်သူသူခင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ အဏုမြူစွမ်းအင်သုံးရေခဲခွဲသင်္ဘောကြီးပေါ်၌ နိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကျောင်းသား ကျောင်းသူများနှင့်အတူ သွားရောက်လေ့လာခွင့် ရရှိခဲ့ပါသည်။
အဆိုပါကျောင်းမှ ကျောင်းသူ မအိမ့်သူသူခင်၊ လိုက်ပါကြီးကြပ်သူ ဆရာမနှင့် ကျောင်းအုပ်ဆရာမကြီးတို့အား တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။
မအိမ့်သူသူခင်(Grade-10)
သမီးက ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း Grade-10 မှာ ပညာသင်ကြားနေသူပါ။ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် Rosatom Energy of the future non-profit organi- zation က ဆောင်ရွက်တဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှစ် (၈၀) ပြည့် အဏုမြူစွမ်းအင်လုပ်ငန်းစဉ်၊ ပင်လယ်ရေကြောင်းလမ်းကို ရှာဖွေတွေ့ရှိတဲ့ နှစ် (၅၀၀) ပြည့်မှာ ဆောင်ရွက်တဲ့ Icebreaker of Know-ledge 2025 ပြိုင်ပွဲအစီအစဉ်မှာ မြန်မာနိုင်ငံကိုယ်စားပြု ထူးချွန်ကျောင်းသူအဖြစ် အ.ထ.က (၁) ဒဂုံအနေနဲ့ ပထမ Winner ရရှိပြီး ဒီခရီးစဉ်ကို သွားရောက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ အဏုမြူစွမ်းအင်သုံးရေခဲခွဲသင်္ဘောကြီး 50 let pobedy Icebreaker နဲ့ သမီးအပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံက ထူးချွန်ကျောင်းသား ကျောင်းသူတွေ ROSATOM က တာဝန်ရှိသူတွေနဲ့အတူ လေ့လာရေးခရီး သွားခဲ့ရပါတယ်။ ခရီးစဉ်က ဩဂုတ်လ ၁၀ ရက်နေ့ကနေ ၂၅ ရက်နေ့အထိဖြစ်ပြီး သင်္ဘောပေါ်မှာ ၁၀ ရက် ကြာခဲ့ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု Winner အနေနဲ့ သွားရတာဖြစ်တဲ့အတွက် အဲဒီမှာပြုလုပ်တဲ့ Projects ၊ Presentations ၊ Work-shops တွေ အကုန်လုံးမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်ကို ဆောင်နိုင်ဖို့အတွက် သေချာပြင်ဆင်ပြီး သွားခဲ့ပါတယ်။ သင်္ဘောကြီးမှာ နျူကလီးယားနည်းပညာအကြောင်းတွေ ရှင်းပြတဲ့ ဟောပြောပွဲတွေ၊ သင်ပြမှုတွေကို သေချာလေ့လာမှတ်သားခဲ့ပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့တော်နဲ့ Nurmonsk မြို့တွေကိုလည်း လေ့လာရေးသွားခဲ့ရပါတယ်။ Atom Museum မှာ Atomic theory, scientists နဲ့ပတ်သက်တဲ့ သမိုင်းကြောင်း၊ အဏုမြူစွမ်းအင် နည်းပညာပိုင်းဆိုင်ရာ ကျယ်ပြန်တဲ့ ဗဟုသုတ၊ အတွေ့အကြုံတွေ၊ အသိပညာအတတ်ပညာတွေ တိုးပွားအောင် ကဏ္ဍအသီးသီးကို လေ့လာခဲ့ပါတယ်။ အဏုမြူစွမ်းအင်နဲ့ ပတ်သက်ပြီး သင်္ဘောပေါ်မှာ အသုံးပြုတဲ့ fuel ၊ reactor ၊ engine ၊ navigation rooms အခန်းတွေကို ပြသရှင်းလင်းပါတယ်။
ဒီသင်္ဘောကြီးက အဏုမြူစွမ်းအင်သုံးသင်္ဘောကြီးတစ်စင်းပါ။ အခုအစီအစဉ်ဟာ သမီးတို့ကို ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး ကြိုးစားအားထုတ်မှု ပိုမိုကောင်းမွန်အောင်၊ သိပ္ပံနည်းပညာဆိုင်ရာတွေ သိရှိအောင်ရည်ရွယ်ပြီး ခေါ်ယူတဲ့ အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၁ နိုင်ငံက ထူးချွန်ကျောင်းသားတွေကို အဏုမြူစွမ်းအင်နဲ့ ပတ်သက်ပြီး အနာဂတ်မှာ တီထွင်စမ်းသပ်မှုတွေ၊ ဖြစ်နိုင်တဲ့အကြောင်းအရာတွေကို စဉ်းစားခိုင်းပြီးတော့ အဖွဲ့လိုက် ဆွေးနွေးမှုတွေလည်း လုပ်ဆောင်ရပါတယ်။ ပြီးတော့ ဉာဏ်စမ်းတွေလည်းဖြေရပါတယ်။ အဏုမြူစွမ်းအင်နဲ့ တီထွင်ထားတဲ့ စက်ကိရိယာပစ္စည်းအကြောင်းတွေ၊ Icebreaker အကြောင်းတွေ၊ Ice-breaker သင်္ဘောကြီးရဲ့ Power ၊ length ၊ width နဲ့ ပတ်သက်ပြီး အသေးစိတ်သင်ကြားပေးပြီး ROSATOM ရဲ့ လုပ်ငန်းစဉ်အကြောင်းကိုလည်း ပြောပြကြပါတယ်။ အဏုမြူစွမ်းအင်ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် လျှပ်စစ်စွမ်းအင်ရရှိဖို့ ဆောင်ရွက်ပေးနိုင်ပြီး အဏုမြူစွမ်းအင်ဟာ ကျောက်မီးသွေးထက် ပိုလုံခြုံစိတ်ချရတယ်ဆိုတာ လက်တွေ့စမ်းသပ်ခဲ့ရပါတယ်။
၂၁ နိုင်ငံထဲမှာ အာဆီယံနိုင်ငံထဲက မြန်မာနိုင်ငံအပါအဝင် အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့လည်းပါပါတယ်။ ခရီးစဉ်တစ်လျှောက်လုံး အစစအရာရာ အဆင်ပြေပါတယ်။ နိုင်ငံတကာ၊ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်၊ ဆက်သွယ်ပြီး နည်းပညာဆိုင်ရာတွေကို ဆွေးနွေးသင့်တယ်လို့ သမီးထင်ပါတယ်။ အခုလို သွားရောက် ရတဲ့အတွက် နိုင်ငံတော်အကြီးအကဲနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများ၊ အဘက်ဘက်က ကူညီပေးသူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။
ဒေါက်တာစန္ဒာမြငြိမ်း (အ.ထ.က-၁ ဒဂုံ ကျောင်းအုပ်ကြီး)
ကျွန်မတို့ကျောင်းအနေနဲ့ ထူးချွန်ကျောင်းသားတွေကို မွေးထုတ်ပြီး နိုင်ငံတကာကို စေလွှတ်နေတာ ရှိပါတယ်။ မအိမ့်သူသူခင်က Grade - 10 ကျောင်းသူ ဖြစ်ပါတယ်။ သူကရူပဗေဒဘာသာရပ်မှာ အဏုမြူစွမ်းအင်ဆိုင်ရာ အနည်းငယ်ပဲ သင်ယူရပါသေးတယ်။ အဏုမြူစွမ်းအင် ခေါင်းစဉ်နဲ့ ခေါ်တာဆိုတော့ စိတ်ပူတာတော့ ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကြိုးစားအားထုတ်မှု၊ အရည်အချင်းပြည့်ဝမှု၊ ဘာသာစကားပြည့်ဝမှုတွေက အထောက်အပံ့ဖြစ်ပြီး ပြိုင်ပွဲတွေမှာ ရွေးချယ်ခံခဲ့ရတာပါ။
အခုလို သွားရောက်တဲ့အခါ ကျောင်းအကျိုးတော်ဆောင်နဲ့ ကျောင်းသားမိဘတွေ ပူးပေါင်းဆောင်ရွက်ပြီး အခက်အခဲမရှိအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ အခုခေတ်ကလေးတွေက ကျောင်းဘာသာရပ်အပြင် အခြားဘာသာရပ်တွေကို လေ့လာသင်ယူနေတာတွေလည်း ရှိပါတယ်။ အခုလိုသင်ယူသူတွေထဲက ထူးချွန်ကျောင်းသူပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့ ကျောင်းက ရုရှားနိုင်ငံကို အခုနှစ်ထဲမှာ Biology Olmypic 2025 ခေါင်းစဉ်နဲ့ သွားရောက်ယှဉ်ပြိုင်တဲ့အခါမှာလည်း ကြေးတံဆိပ်ရရှိခဲ့ပါတယ်။
အခုလို ရုရှားနိုင်ငံက အဏုမြူစွမ်းအင်ကို လေ့လာခွင့်ရတဲ့အတွက် ကျောင်းအနေနဲ့ ဂုဏ်ယူရတဲ့အပြင် နိုင်ငံ့ဂုဏ်ဆောင်အဖြစ် သွားရောက်လေ့လာခွင့်ရတာကို ဂုဏ်ယူမိပါတယ်။ ကျွန်မအနေနဲ့လည်း နိုင်ငံကိုယ်စားပြုအဖြစ် ထူးချွန်ကျောင်းသားတွေ ဆက်လက်ပေါ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ယခုလို သွားရောက်လေ့လာ ခွင့်ရရှိမှုအပေါ် နိုင်ငံတော်အကြီးအကဲ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။
ဆရာမ အေးမြသီတာ (လိုက်ပါ ကြီးကြပ်သူ)
ကျွန်မက အထက်တန်းပြဆရာမပါ။ အခုလို သမီးနဲ့အတူ ရုရှားနိုင်ငံကို ကြီးကြပ်သူအဖြစ် လိုက်ပါခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်မက နိုင်ငံခြားခရီးစဉ်ကို လေးကြိမ် သွားရောက်ခဲ့ဖူးပါတယ်။ သမီးလေးကတော့ စင်ကာပူ၊ ဂျပန်နဲ့ အခုရုရှားကို သွားရောက်ခဲ့ပြီး သွားပါပြီ။ ရုရှားရေခဲခွဲသင်္ဘောကြီးနဲ့ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းမှာ မြန်မာနိုင်ငံအလံကို အခြားနိုင်ငံတွေနဲ့အတူ လွှင့်ထူခွင့်ရခဲ့တဲ့အတွက် အတိုင်းမသိဝမ်းမြောက်မိပါတယ်။ အခုလို ရုရှားနိုင်ငံကို သွားရောက်လေ့လာခွင့်ရတဲ့ ကျောင်းသူလေးအနေနဲ့လည်း မိမိနိုင်ငံ၊ မိမိကျောင်းနဲ့ မိသားစုအတွက် ဝမ်းမြောက်ဂုဏ်ယူနေမှာအမှန်ပါ။
အဆိုပါအဏုမြူစွမ်းအင်သုံးရေခဲခွဲသင်္ဘောတွင် နိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်လေ့လာခွင့်ရရှိရန် နိုင်ငံတစ်ဝန်းအခြေခံပညာကျောင်းများမှ အသက် ၁၄ နှစ်မှ ၁၆ နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများက ဧပြီလ ၂၈ ရက်မှ ဇွန်လ ၈ ရက်နေ့အထိ “Ice-breaker of Knowledge” Project တွင် အဆင့်သုံးဆင့်ဖြင့် ဖြေဆိုခဲ့ကြရာ ဇွန်လအတွင်း နိုင်ငံကိုယ်စားပြု ထူးချွန်ကျောင်းသူတစ်ဦးအဖြစ် မအိမ့်သူသူခင်ကို ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် Rosatom Energy of the future non-profit org-anization က ဆောင်ရွက်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နှစ် (၈၀) ပြည့် အဏုမြူစွမ်းအင်လုပ်ငန်းစဉ်နှင့် ပင်လယ်ရေကြောင်း လမ်းကို ရှာဖွေတွေ့ရှိခဲ့သည့် နှစ် (၅၀၀) ပြည့် အစီအစဉ်အဖြစ် Ice-breaker of Knowledge 2025 ပြိုင်ပွဲတွင် ရုရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ဘယ်လာရုစ်၊ ဘိုလီဗီးယား၊ ဘရာဇီး၊ အီဂျစ်၊ ဂါနာ၊ ယူဂန္ဓာ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ မွန်ဂိုလီးယား၊ နမီးဘီးယား၊ တောင် အာဖရိက၊ တူကီယဲနှင့် ဥဇဘတ် ကစ္စတန်နိုင်ငံတို့မှ ထူးချွန်ကျောင်းသား ကျောင်းသူများ ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။ ။