နေပြည်တော် စက်တင်ဘာ ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ်လည်းကောင်း၊ ကာဇက်စတန်နိုင်ငံ သမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ ကာဇက်စတန်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ်လည်းကောင်း သွားရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။
ထိုသို့ ပြန်လည်ရောက်ရှိစဉ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ယခုကဲ့သို့ ဖြေကြားခဲ့ပါသည်-
မေး။ ယာယီသမ္မတကြီးရဲ့ ရုရှားနဲ့ ကာဇက်စတန်နိုင်ငံတွေကို အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့တဲ့အပေါ် မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရခဲ့လဲ၊ နောက်ပြီး ဒီခရီးစဉ်မှာ ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်ကိုလည်း တက်ရောက်ခဲ့တဲ့အတွက်ကြောင့် ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာနိုင်မှာလဲဆိုတာကို အရင်ဦးဆုံးဖြေကြားပေးပါဦးခင်ဗျာ။
ဖြေ။ အဓိကကတော့ ကျွန်တော်တို့ ဒီခရီးစဉ်မှာ အပိုင်းသုံးပိုင်းခွဲပြီး ပြောချင်ပါတယ်။ အပိုင်းသုံးပိုင်းကတော့ တစ်ပိုင်းစီက အရေးပါနေတဲ့အတွက်ကြောင့်မို့ ဖြစ်ပါတယ်။ ပထမဦးဆုံးကတော့ ရုရှားပေါ့။ ရုရှားမှာ ရုရှားခရီးစဉ်၊ ပြီးရင်တော့ ကာဇက်စတန်ခရီးစဉ်၊ ပြီးရင်တော့ အပြန်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမှာ ကျွန်တော်တို့ ခဏနားခဲ့သေးတယ်။ အဲ့ဒါတွေကို ကျွန်တော်ပြောချင်ပါတယ်။ ပထမဦးဆုံးကတော့ တစ်ခုနဲ့တစ်ခုကလည်း သဘောသဘာဝက နည်းနည်းကွာခြားတယ်။ ကွာခြားတဲ့အတွက် သုံးပိုင်းခွဲပြီးပြောမယ်။ ပထမဦးဆုံး ရုရှားနိုင်ငံမှာ ကျင်းပတဲ့ ROSATOM ကနေကြီးမှူးပြီး ကျင်းပတဲ့ ကမ္ဘာ့အဏုမြူရက်သတ္တပတ်ပေါ့။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ဖိုရမ်ကြီးကို တက်ရောက်တာဖြစ်တယ်။ ပြီးရင် ရုရှားသမ္မတ H.E. Vladimir Vladimirovich Putin နဲ့ တွေ့ခဲ့တယ်။ အဲ့ဒီမှာ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း လာရောက်ပြီးတော့ World Atomic Week Forum ကို တက်ရောက်တာဖြစ်တယ်။ တက်ရောက်တဲ့အခါမှာ အဏုမြူစွမ်းအင်နဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာ အသုံးပြုနိုင်ဖို့၊ အဏုမြူစွမ်းအင်နဲ့ ပတ်သက်ပြီး နိုင်ငံတိုင်းက ငြိမ်းချမ်းစွာနဲ့ ပြည်သူလူထုအကျိုးအတွက် အသုံးပြုနိုင်ဖို့အတွက်ကို ကျွန်တော်တို့ ဆွေးနွေးခဲ့တာရှိပါတယ်။ ဆွေးနွေးခဲ့တဲ့နေရာမှာ တက်ရောက်တဲ့နိုင်ငံတွေရဲ့ အမြင်သဘောထားတွေကိုလည်း နားထောင်ခဲ့ရတယ်။ နိုင်ငံတော်ယာယီသမ္မတကြီးရဲ့ မိန့်ခွန်းလည်းပြောခဲ့ရတယ်။ ယာယီသမ္မတကြီးရဲ့ မိန့်ခွန်းနဲ့ မြန်မာနိုင်ငံရဲ့ သဘောထားလည်း ပြောခဲ့ရတယ်။ ဒီထဲမှာ အနှစ်ချုပ်ပြောရရင် မြန်မာနိုင်ငံရဲ့ သဘောထားကတော့ အဏုမြူစွမ်းအင်ကို အသုံးပြုခြင်းရဲ့ အကြောင်းရင်းကတော့ မြန်မာနိုင်ငံမှာ စွမ်းအင်ပေါ့လေ၊ တည်ငြိမ်တဲ့ လျှပ်စစ်စွမ်းအင်တစ်ခုရရှိဖို့၊ ပြီးရင်ဆေးဘက်ဆိုင်ရာ၊ စိုက်ပျိုးရေးဘက်ဆိုင်ရာသုတေသနတွေမှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒါတွေကို ကျွန်တော်တို့ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ရုရှားရဲ့ အဏုမြူစွမ်းအင်အေဂျင်စီဖြစ်တဲ့ ROSATOM နဲ့လည်း ကျွန်တော်တို့ သဘောတူလက်မှတ်တွေ ရေးထိုးခဲ့ရတာတွေရှိတယ်။ ပြီးရင်တော့ ကျွန်တော်တို့ ရုရှားသမ္မတကြီး မစ္စတာ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့တာရှိတယ်။
မစ္စတာ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံတဲ့အခါမှာတော့ ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အရှေ့တောင်အာရှမှာ ယုံကြည်စိတ်ချရဆုံးမိတ်ဖက်နိုင်ငံတစ်ခုအဖြစ် အမြဲတမ်းအမှတ်ပြုနေတဲ့အကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံကို မဟာဗျူဟာမိတ်ဖက်နိုင်ငံတစ်ခုအနေနဲ့ အသိအမှတ်ပြုပြီးတော့ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်သွားမယ့် အကြောင်းရင်းတွေ၊ နည်းပညာဖလှယ်မှုတွေ၊ အာကာသဆိုင်ရာ နည်းပညာ၊ အဏုမြူစွမ်းအင်ဆိုင်ရာ နည်းပညာ၊ ကျန်တဲ့ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုမယ့် နည်းပညာဖလှယ်မှုတွေ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒုတိယကတော့ ကာဇက်စတန်ခရီးစဉ်ပေါ့။ ကာဇက်စတန်ခရီးစဉ်နဲ့ ပတ်သက်ပြီး ကာဇက်စတန်နိုင်ငံကို မြန်မာနိုင်ငံရဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ဦး ပထမဦးဆုံး ရောက်ရှိတာဖြစ်ပါတယ်။ ကာဇက်စတန်နိုင်ငံရဲ့ ထူးခြားချက်ကလည်း တော်တော်ထူးခြားတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ သူဟာ အာရှတိုက်ရဲ့ အလယ်ပိုင်းမှာရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံတစ်ခု ဖြစ်တယ်။ သို့သော် အာရှတိုက်နဲ့ ဥရောပတိုက်ရဲ့အစပ်မှာရှိတယ်။ အာရှတိုက်ရဲ့ အလယ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ ခင်ဗျားတို့ ကျွန်တော်တို့ ကြားဖူးမှာပဲ။ အရင်တုန်းက ပထဝီနိုင်ငံရေးပေါ့ (Geopolitics Theory) တွေ ရှိတယ်။ အဲ့ဒီမှာတော့ Heartland၊ Greenland ၊ ကမ္ဘာ့ရဲ့ အလယ်ဗဟိုချက်နယ်မြေတို့၊ ဒီနယ်မြေတွေရဲ့ အရေးပါမှုကိုလည်း သိမှဖြစ်မယ်။ ဒီနေရာဟာ ကမ္ဘာ့ရဲ့အလယ်ဗဟို ချက်နယ်မြေ အာရှ - ဥရောပတိုက်ပေါ့။ ကမ္ဘာမှာအကြီးဆုံး ကုန်းမြေရဲ့ အလယ်နယ်မြေဖြစ်တဲ့အတွက် သူ့ရဲ့နေရာကနေပြီး ကုန်းလမ်းပို့ဆောင်ရေးတွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအားလုံး ဖြတ်သန်းသွားတဲ့ သဘောရှိတယ်။ ပြီးရင် နိုင်ငံအနေနဲ့လည်း တိုးတက်အောင် ဆောင်ရွက်နေတယ်။ သူတို့ရဲ့ ပညာရေးကဏ္ဍလည်း မြင့်ပါတယ်။ ကျန်းမာရေးကဏ္ဍလည်းမြင့်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကဏ္ဍတွေနဲ့ ပတ်သက်ပြီးလည်း သမ္မတကြီးကိုယ်တိုင်က ရှင်းလင်းပြသခဲ့ပါတယ်။ ကျွန်တော်တို့ကိုလည်း သူတို့ နိုင်ငံရဲ့ အခွင့်အရေး၊ ကျွန်တော်တို့နဲ့ ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အရေး၊ ကျွန်တော်တို့နဲ့ တိုးတက်ဆောင်ရွက်နိုင်မယ့်အခွင့်အလမ်းတွေကိုလည်း ပြောခဲ့တာရှိပါတယ်။ နည်းပညာပူးပေါင်းဆောင်ရွက်မှုတွေ၊ IT နဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ထူးခြားချက်ကတော့ ကာဇက်စတန်သမ္မတကြီးအနေနဲ့က မြန်မာနိုင်ငံက ပထမဦးဆုံးလာရောက်တဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ တော်တော်ကို ဝမ်းသာအားရတယ်။ ကျေနပ်မှုရှိတယ်။ ဒါ့အပြင် တွေ့ဆုံပွဲအပြီးမှာ ယာယီသမ္မတကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြန်တဲ့အချိန်မှာ ကားပေါ်ထိလိုက်ပြီး နှုတ်ဆက်တာမျိုးပေါ့။ ဒါတွေထိ ရင်းနှီးဖော်ရွေမှုတွေ ပြတဲ့အတွက်ကြောင့်မလို့ ကျွန်တော်တို့နိုင်ငံအနေနဲ့ မိတ်ဆွေကောင်းနိုင်ငံတစ်ခုတိုးတယ်လို့ ပြောချင်ပါတယ်။ အပြန်ခရီးစဉ်မှာတော့ ကူမင်းမြို့ကို ဝင်ရောက်ခဲ့တယ်။ ကူမင်းကိုဝင်ရောက်တဲ့အချိန်မှာ ယူနန်ပြည်နယ်ရဲ့ ကွန်မြူနစ်ပါတီအမြဲတမ်းပါတီဝင်ပေါ့နော်။ ဥပဒေရေးရာ အတွင်းရေးမှူး၊ ပြီးရင် ခင်ဗျားတို့ ကျွန်တော်တို့နဲ့ ရင်းနှီးနေကြတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့တောင်အာရှကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနဲ့ တွေ့ဆုံခဲ့တယ်။ အဲဒီမှာ အချက်လေးချက်ဆွေးနွေးခဲ့တယ်။
နံပါတ်တစ် အရေးကြီးဆုံးအချက်က အပြန်အလှန်ဆွေးနွေးတဲ့ အခါမှာ မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ မိတ်ဆွေအရင်းအချာ၊ အိမ်နီးနားချင်းနိုင်ငံ ဆွေမျိုးပေါက်ဖော်နိုင်ငံတွေဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး ယုံကြည်စိတ်ချမှုရှိပြီးတဲ့ နိုင်ငံတွေဖြစ်တယ်။ ဆက်သွယ်ဆက်ဆံရေး တွေတိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်။ ပြီးရင်တော့ ကျွန်တော်တို့အနေနဲ့ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးကို တရုတ်အစိုးရအနေနဲ့လည်း မြန်မာအစိုးရနဲ့ လက်တွဲညီ အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်။ နောက်တစ်ချက်အနေနဲ့ကတော့ ကုန်သွယ်ရေးစီးပွားမြှင့်တင်တဲ့အပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံပေါ့။ ဒါနဲ့ပတ်သက်ပြီးလည်း အဲဒီစီးပွားရေးစင်္ကြံမှာရှိတဲ့ စီးပွားရေးသဘောတူညီပြီးသားအချက်တွေ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံမှာရှိနေတဲ့ စီမံကိန်းတွေ ဒါတွေကို အမြန်အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ နှစ်ဦးနှစ်ဖက်ထပ်လောင်းပြီးတော့ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ဆက်လက်ပြီး ထောက်ခံဆောင်ရွက်သွားမယ်။ ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာလည်း သိစေချင်ပါတယ်။ ဒီတော့ခရီးစဉ်တွေအားလုံးကို ချုံ့ပြီးပြောရရင်တော့ မြန်မာနိုင်ငံအတွက် အခွင့်အလမ်းသစ်တွေ၊ အိမ်နီးနားချင်းတရုတ်နိုင်ငံနဲ့လည်း မြန်မာနိုင်ငံအတွက် အခွင့်အလမ်းသစ်တွေ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ဒီအခွင့်အလမ်းသစ်တွေကို မိမိရရ ဆုပ်ကိုင်နိုင်ဖို့အတွက် ကျွန်တော်ပြောနေကျစကားဖြစ်တဲ့ နံပါတ်တစ်ကျွန်တော်တို့ စည်းလုံးကြဖို့လိုတယ်။ နံပါတ်နှစ် ကျွန်တော်တို့ ခေတ်နဲ့အမီ တွေးခေါ်မြော်မြင်တတ်ဖို့ အရေးကြီးတယ်။ ကမ္ဘာကြီးမှာ ဒီနေ့ဘာတွေဖြစ်နေလဲ။ နိုင်ငံတကာမှာ ဘာတွေဖြစ်နေလဲ။ ကျွန်တော်တို့ မြန်မာမှာဘာတွေဖြစ်နေလဲ။ အမှန်တရားအတိုင်းပဲ သုံးသပ်ပြီးတော့ ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွန်တော်တို့ ပြည်သူလူထုရဲ့၊ နိုင်ငံတော်ရဲ့ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးအတွက် မှန်ကန်တဲ့ အတွေးအခေါ်တွေနဲ့ တွေးခေါ်ဆောင်ရွက်သွားကြဖို့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်။
မေး။ လက်ရှိခရီးစဉ်မှာ Nuclear စွမ်းအင်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တာရှိတယ်။ အနာဂတ်မှာရော မြန်မာနိုင်ငံအနေနဲ့ ဒီ Nuclear စွမ်းအင်နည်းပညာကို ဘယ်လိုအသုံးချဖို့ရှိလဲ။ ဒီပြင်မြန်မာပြည်ရဲ့ လျှပ်စစ်ဓာတ်အားတိုးတက်ရေးအတွက် အသေးစား Nuclear စက်ရုံတည်ဆောက်ဖို့ စီစဉ်နေတာ ရှိတယ်လို့ သိရပါတယ်။ အဲဒါကို ဘယ်ကာလလောက် စတင်ဖို့ ရှိပါသလဲ။
ဖြေ။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့တာရှိတယ်။ ယခင်နှစ်ကတည်းကတိုင် MoU ပေါ့ဗျာ။ ထပ်လောင်းပြီးတော့ ရေးထိုးခဲ့တာရှိတယ်။ အဓိကကတော့ ကျွန်တော်တို့က ပထမဦးဆုံးအဏုမြူစွမ်းအင်အသုံးပြုနိုင်ဖို့အတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် လုံခြုံတဲ့နေရာတွေ ဆက်လက်ပြီး ရွေးချယ်သွားဖို့ရှိတယ်။ အခုလည်း ရန်ကုန်မှာ ခင်ဗျားတို့မြင်တဲ့ အတိုင်းပဲ။ ကျွန်တော်တို့ဟိုမှာ World Atomic Week Forum လုပ်နေ တဲ့အချိန်မှာပဲ ရန်ကုန်မှာလည်း ကျွန်တော်တို့ လုပ်ခဲ့တာမျိုးရှိတယ်။ ဒီအဏုမြူစွမ်းအင်နဲ့ ပတ်သက်ပြီး ကျွန်တော်အသိပေးလိုတာက အဏုမြူစွမ်းအင်ဆိုတာက လုံခြုံမှုရှိတဲ့စွမ်းအင်ဖြစ်ပါတယ်။ အဏုမြူစွမ်းအင်ဆိုတာသည် တည်ငြိမ်တဲ့လျှပ်စစ်ကိုပေးနိုင်တဲ့ စွမ်းအင်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံတိုးတက်ဖို့ဆိုရင် ကျွန်တော်တို့ လျှပ်စစ်စွမ်းအားက ဘယ်လောက်ထိ လိုတယ်ဆိုတာကို အားလုံးက သိပြီးဖြစ်လိမ့်မယ်။ လျှပ်စစ်စွမ်းအားလိုတဲ့နေရာမှာ တည်ငြိမ်တဲ့လျှပ်စစ် စွမ်းအင်ရရှိဖို့ အရေးကြီးတယ်။ ဥပမာ- ဆိုလာကနေ လျှပ်စစ်ရမယ်။ လေကနေ လျှပ်စစ်ရမယ်။ ပြီးရင် ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ စက်တွေကနေ လျှပ်စစ်စွမ်းအင်တွေရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် လျှပ်စစ်စွမ်းအင်ဆိုတာ နိုင်ငံတစ်နိုင်ငံမှာ အမျိုးစုံပေါင်းပြီးတော့ ဆောင်ရွက်ရတာဖြစ်တယ်။ ဥပမာ ဆိုလာလျှပ်စစ်စွမ်းအင်ဆိုရင် ညဘက်မှာ မရနိုင်တော့ဘူး။ Wind Power လေစွမ်းအင်ဆိုတာလည်း လေတိုက်ခတ်မှုလျော့နည်းတဲ့အချိန်မှာ မရနိုင်တော့ဘူး။ ဒီအချိန်မှာ နိုင်ငံတစ်နိုင်ငံလုံးမှာရှိနေတဲ့ စွမ်းအင်အရင်းအမြစ်တွေ အားလုံးက အသုံးပြုပြီးတော့ လိုတဲ့စွမ်းအင်ကို ဒီဘက်စွမ်းအင်က ဖြည့်မယ်။ ဟိုဘက်က လိုတဲ့စွမ်းအင်ကို ဒီဘက်ကနေ ဖြည့်မယ်ဆိုတဲ့ဟာမျိုးတွေ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီစွမ်းအင်သည်လည်း အစပိုင်းရင်းနှီးမြှုပ်နှံမှုက ကြီးကောင်းကြီးမယ်။ နောက်ပိုင်းမှာတော့ တည်ငြိမ်တဲ့ လျှပ်စစ်စွမ်းအားနဲ့ ဖွံ့ဖြိုးတိုးတက်မှုရစေနိုင်တယ်။ ဒါကတော့ လျှပ်စစ်စွမ်းအင်နဲ့ပတ်သက်တဲ့အပိုင်းပါ။ နံပါတ်နှစ်အပိုင်းကတော့ ဒီဟာကို ဆောင်ရွက်တဲ့နေရာမှာ Nuclear စွမ်းအင်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ထိတွေ့လာမယ်။ Nuclear စွမ်းအင်နဲ့ ပတ်သက်ပြီး သုတေသနပြုမှုတွေ၊ ဆေးဝါးဆိုင်ရာသုတေသန၊ ကျန်တဲ့သုတေသနတွေအားလုံးကို ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက်ကြောင့် ဒါသည် ကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်ရမယ့် စွမ်းအင်တစ်ခုဖြစ်ကြောင်း ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။ အသိပေးလိုပါတယ်။
မေး။ ယာယီသမ္မတကြီးအနေနဲ့ ခရီးစဉ်အတွင်းမှာ ရုရှားသမ္မတကြီးနဲ့ရော ကာဇက်စတန်သမ္မတကြီးနဲ့ရော တွေ့ဆုံဆွေးနွေးခဲ့တာရှိတယ်။ အဲဒီနှစ်နိုင်ငံနဲ့ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအလားအလာတွေက ဘယ်လိုဆက်ရှိနိုင်ပါသလဲ။
ဖြေ။ နှစ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုတာတွေ ပိုပြီးတိုးတက်လာမယ့် အလားအလာရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကိုလည်း သူတို့အနေနဲ့ လိုလိုလားလားကို ဖိတ်ခေါ်ပြီးတော့ ဆောင်ရွက်တဲ့သဘောရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ အပြန်ခရီးစဉ်မှာ ကူမင်းကို ဝင်ခဲ့တဲ့အခါမှာလည်း တရုတ်နိုင်ငံရဲ့ ကူမင်းမှာ တွေ့ရှိခဲ့တဲ့ ယူနန်ပြည်နယ်အစိုးရရဲ့ ပြောကြားချက်ပေါ့နော်။ ယူနန်ပြည်နယ်အစိုးရ ပြောကြားချက်ဆိုတာကလည်း တရုတ်ဗဟိုအစိုးရရဲ့ သဘောထားကိုပဲ ပြောကြားချက်ပဲဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်ပြီး အားကောင်းတာတွေ့ရပါတယ်။ ဒီခရီးစဉ်အားလုံးမှာ အနှစ်ချုပ်ပြောရရင် ဒီနိုင်ငံသုံးနိုင်ငံလုံးက မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို ကြိုဆိုတယ်။ မြန်မာပြည်သူလူထုရဲ့ ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရေးအတွက် သူတို့အနေနဲ့ အမြဲတမ်းအားပေးလျက်ရှိတယ်။ ပြီးရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲတမ်းအားပေးလျက်ရှိတယ်။ ဒီလိုအားပေးလျက်ရှိတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ မကြာမီမှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပပြီးတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စည်းကမ်းစနစ်ကျတဲ့၊ စစ်မှန်ပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြည်သူလူထုတွေအားလုံးက လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်လျှောက်လှမ်းသွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။