နေပြည်တော် စက်တင်ဘာ ၂၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ရှိ ဒီရေတောစိုက်ခင်းများ ရှင်သန်အောင်မြင်နေမှုကို ကွင်းဆင်းကြည့်ရှုသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ ဘိုကလေးမြို့နယ် ကဒုံကနိကြိုးဝိုင်း အကွက် ၄၇ ရှိ ၄/၂၀၁၈ ကျေးရွာထင်းစိုက်ခင်းဧက ၁၀၀ ရှင်သန်အောင်မြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထားသောအပင်များ ရေရှည်တည်တံ့ရေးထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။
ထို့နောက် ကဒုံကနိကြိုးဝိုင်းအကွက် ၄၉ ရှိ ဗြုံးမွေးကျွန်းပျိုးဥယျာဉ်အတွင်း ဒီရေတောပျိုးပင်များ ပျိုးထောင်နေမှုနှင့် ဗြုံးမွေးကျွန်းအတွင်း သဘာဝဒီရေတောအား ထိန်းသိမ်းစောင့်ရှောက်ထားရှိမှုကို လှည့်လည်ကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုပြန်လည်ကောင်းမွန်လာရေးနှင့် သစ်တောဖုံးလွှမ်းမှု ၅၀ ရာခိုင်နှုန်းရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သဘာဝဒီရေတောများ ထိန်းသိမ်းကာကွယ်ရေးနှင့် ဒီရေတောစိုက်ခင်းများ ထပ်မံတိုးချဲ့တည်ထောင်ရေးသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ သဘာဝဒီရေတောများနှင့် ဒီရေတောစိုက်ခင်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ရာသီဥတုဖောက်ပြန်မှုကို လျော့ကျစေခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် ဖြစ်ပေါ်လာမည့် ထိခိုက်ပျက်စီးမှုများကို အဟန့်အတားဖြစ်စေခြင်း၊ ငါးပုစွန်တို့ ပေါက်ပွားရာနေရာများ တိုးပွားလာစေခြင်း၊ ဒေသခံများ၏ လူနေမှုဘဝတိုးတက်လာစေရန် အထောက်အကူပြုခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် မိမိဒေသရှိ ဒီရေတောများ ရေရှည်တည်တံ့စေရေးထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ကမ်းရိုးတန်းနှင့် ဒီရေရောက်ဒေသများတွင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု၊ ကမ်းရိုးတန်းရေတိုက်စားမှုနှင့် မုန်တိုင်းဒဏ်ကာကွယ်ရန်၊ ရေနေသတ္တဝါများ၏ ဂေဟစနစ်ကို အကာအကွယ်ပေးနိုင်ရန်အတွက် လမုပင်နှင့် အုန်းပင်များ တိုးမြှင့်စိုက်ပျိုးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
မွန်းလွဲပိုင်းတွင် ကဒုံကနိကြိုးဝိုင်းအကွက် အမှတ် ၆၄ ရှိ ၁/၂၀၁၇ ဒီရေတောစိုက်ခင်းဧက ၈၅၀ ရှင်သန်အောင်မြင်နေမှုနှင့် ထိန်းသိမ်းစောင့်ရှောက်ထားမှုကိုလည်းကောင်း၊ အကွက်အမှတ် ၆၃ ရှိ ၁/၂၀၀၉ ဒီရေတောစိုက်ခင်းဧက ၅၀၀ ရှင်သန်အောင်မြင်မှုကိုလည်းကောင်း၊ အကွက်အမှတ် ၆၂ ရှိ ၃/၂၀၂၅ ဒီရေတောစိုက်ခင်းဧက ၂၀၀ စိုက်ပျိုးပြီးစီးမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ဒီရေတောဖုံးလွှမ်းမှုဧရိယာ ဧက စုစုပေါင်း ၁ ဒသမ ၂၆ သန်းရှိပြီး ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဒီရေတောဖုံးလွှမ်းမှုဧရိယာဧက ၁ ဒသမ ၂ သိန်းခန့်တိုးတက်လာသည်ကို တွေ့ရှိရပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် ဒီရေတောစိုက်ခင်းဧက ၂၃၀၀၊ အပင် ၂ ဒသမ ၇၈ သန်း တည်ထောင်စိုက်ပျိုးလျက်ရှိကြောင်းနှင့် ၂၀၂၆ ခုနှစ် မိုးရာသီမှစတင်၍ ဒီရေတောစိုက်ခင်းဧက ၃၃၀၀၊ အပင် လေးသန်းခန့် တိုးချဲ့တည်ထောင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်