၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲစာရင်းမှားယွင်းမှုအတွက် နိုင်ငံတွင်ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေများက နိုင်ငံတွင်အရေးပေါ်အခြေအနေကြေညာပြီး မဲမသမာမှုများအပေါ် တပ်မတော်ကစိစစ်ဖော်ထုတ်၍ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲပြန်လည်ကျင်းပပေးနိုင်ရေးဆောင်ရွက်ရသည့် အခြေအနေသို့ရောက်ရှိခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ပြည်တွင်းပြည်ပက အထင်အမြင်လွဲမှားအောင် တပ်မတော်က ဒီမိုကရေစီကို နောက်ပြန်ဆွဲသယောင်ဝါဒမှိုင်းတိုက်ကာ ဆန့်ကျင်ဘက်အုပ်စုများက ပြည်သူလူထုနှင့် လူငယ်လူရွယ်များကို အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်သို့ တွန်းပို့ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ရခြင်းမှာ ထိုစဉ်က တာဝန်ရှိနိုင်ငံရေးပါတီအနေဖြင့် မဲစာရင်းမှားယွင်းမှုများနှင့် မဲမသမာမှုများစိစစ်တွေ့ရှိမှုအပေါ် ဖြေရှင်းပေးရန်၊ ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးခေါ်ယူ၍ ဖြေရှင်းဆောင်ရွက်ပေးရန်၊ နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က နည်းလမ်းရှာဆောင်ရွက်ပေးရန်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူ၍ တွေ့ဆုံဆွေးနွေးပေးပါရန် နှစ်ကြိမ်တိုင်တိုင် တင်ပြချက်များအပေါ် ငြင်းပယ်ခြင်း၊ ငြင်းဆန်ခြင်း၊ ဆောင်ရွက်မပေးဘဲ လျစ်လျူရှုခဲ့ခြင်းတို့ကြောင့်ပင်ဖြစ်သည်။
ထိုစဉ်က နိုင်ငံတွင် တာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများအပေါ် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ရှေးရှု၍ ဥပဒေနှင့်အညီ ဖြေရှင်းရမည့်အစား မဲပြဿနာတန်းလန်းနှင့် နိုင်ငံတော်အာဏာကို အဓမ္မရယူရန်ကြိုးပမ်းခဲ့သည်။ ၎င်းတို့သာရွေးကောက်ခံထားရသူများအဖြစ် CRPH ၊ NUG စသည့်အဖွဲ့များကို တရားမဝင်ဖွဲ့စည်းခဲ့ကြပြီး နိုင်ငံကိုအဆိုးရွားဆုံးသော လက်နက်ကိုင်ပဋိပက္ခအတွင်းကျရောက်အောင် ဖန်တီးလုပ်ဆောင်ခဲ့ကြသည်။ ပြည်သူလူထုအတွင်း ၎င်းတို့ဘက်လိုက်ပါခြင်းမရှိသူများကိုပါ လိုက်ပါလာအောင် လှုံ့ဆော်မှုများ၊ ခြိမ်းခြောက်မှုများ၊ သူလျှိုဒလန်အဖြစ် စွပ်စွဲလုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ်မှစ၍ ယခုချိန်အထိ ငါးနှစ်မျှကာလအတွင်း ရဟန်းရှင်လူပြည်သူများ၊ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်းများ၊ သာမန်ပြည်သူများ၊ အရွယ်သုံးပါး ကျားမ မရွေးသတ်ဖြတ်ခဲ့ကြသည်မှာ ယခုထက်ထိလည်း မပြီးဆုံးနိုင်သေး။ ထိုမျှမက လက်နက်ကိုင်ထားကြသည့် အကြမ်းဖက်အဖွဲ့ပေါင်းစုံတို့မှာ အချိန်ကြာမြင့်လာသည်နှင့်အမျှ ၎င်းတို့၏ စရိုက်သဘာဝများပေါ်လာသည်။ မသမာမှုနည်းလမ်းပေါင်းစုံဖြင့် စီးပွားရှာခြင်း၊ ခေါင်းစဉ်မျိုးစုံတပ်၍ ဆက်ကြေးကောက်ခံခြင်း စသည်တို့မှသည် မူးယစ်ဆေးဝါးမှု၊ မုဒိမ်းမှု၊ ဒုစရိုက်မှုအမျိုးမျိုးကိုလည်း ပေါ်ပေါ်ထင်ထင် ကျူးလွန်လာကြသည်။ ယင်းအခြေအနေကို PDF အမည်ခံအကြမ်းဖက်လက်နက်ကိုင်အဖွဲ့များအတွင်း အကြာင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် အဖွဲ့ဝင်တိုင်းက လက်ခံကြသည်မဟုတ်။ ၎င်းတို့ရောက်ရှိနေကြသည့် အဖွဲ့များကိုစွန့်ခွာ၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများ အများအပြားရှိလာသည်။
မိမိတို့နိုင်ငံတွင်မကြာမီသော ရက်သတ္တပတ်အနည်းငယ်မျှအတွင်း လွတ်လပ်၍ တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပတော့မည်။ ရွေးကောက်ပွဲအလွန်တွင် ပြည်သူအားလုံးမျှော်မှန်းထားသည့် စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့လက်တွဲပူးပေါင်းကာ ဆက်လက်တည်ဆောက်ကြမည်။ နိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများနှင့် ကမ္ဘာတွင်ပြောင်းလဲနေသည့် နိုင်ငံတကာ အခြေအနေများက အကြမ်းဖက်အဖျက်လုပ်ရပ်များနှင့် လက်နက်ကိုင်လမ်းစဉ်များကို စွန့်လွှတ်ပြီး နိုင်ငံအကျိုး၊ ပြည်သူအကျိုးအတွက် အပြုသဘောဆောင်ကြရန်၊ စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြရန် အကောင်းဆုံးအချိန်အခါဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကောင်းများရှိပြီးဖြစ်သော မိမိတို့၏ ပြည်ထောင်စုကြီးအကျိုးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် လက်တွဲဆောင်ရွက်နိုင်ရန် PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအား ထပ်မံဖိတ်ခေါ်လက်ကမ်းထားပြီးဖြစ်ရာ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းဖြင့် လမ်းမှန်ပေါ်သို့ လျှောက်လှမ်းနိုင်ကြပါစေကြောင်း။ ။