Skip to main content

သာကေတမြို့နယ်ဦးစီးမှူးရုံးနှင့် ရခိုင်ပြည်နယ်မှ ယာယီရုံးများ ဖွင့်လှစ်ထားရှိသည့်နေရာများ၌ ပန်းခင်းစီမံချက်အဆင့် (၃) နှင့် Unique ID နံပါတ် ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၂၆

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့်အတူ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာကေတမြို့နယ် ဦးစီးမှူးရုံး၌ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။

လှည့်လည်ကြည့်ရှု

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းများက ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ One Stop Service ဖြင့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူများ အား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံး ရုံးခန်းများအတွင်း ရုံးစာရွက်စာတမ်းများနှင့် ရုံးသုံးပစ္စည်းများ ထိန်းသိမ်းထားရှိမှု၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ စာရွက်စာတမ်းနှင့် စက်ပစ္စည်းကိရိယာများ လုံခြုံမှုရှိစေရေး၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနနှင့်ပတ်သက်သည့် လက်ငင်းဦးစားပေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးတို့အတွက် အလေးထားကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ အဆိုပါဝင်းအတွင်းရှိ ဗိုလ်တထောင်ခရိုင်ဦးစီးမှူးရုံး၏ ရုံးအဆောက်အအုံနှင့် ရုံးခန်းများအခြေအနေကိုလည်းကောင်း၊ သာကေတဝင်းအတွင်း၌ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ဝန်ထမ်းများက နိုင်ငံသားဆိုင်ရာ ကိုယ်ရေးမှတ်တမ်းများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီရွှေ့ပြောင်းနေထိုင်ကြသူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရန် ရမ်းဗြဲနှင့် ပေါက်တောမြို့နယ်ဦးစီးမှူးရုံးများ၏ ယာယီရုံးများ ဖွင့်လှစ်ထားရှိပြီး ပန်းခင်းစီမံချက်အဆင့် (၃) နှင့် e-ID စနစ်ဖြင့် Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်း‌ကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် သာကေတဂိုဒေါင်ဝင်းအတွင်းရှိ ဂိုဒေါင်များအလိုက် မှတ်တမ်းများ ထိန်းသိမ်းထားရှိမှု၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအတွက် စိစစ်ရေးကတ်ပြားများနှင့် လုပ်ငန်းသုံးပုံစံများ ထိန်းသိမ်းထားရှိမှု၊ ရခိုင်ပြည်နယ်မှ ယာယီရုံးဖွင့်လှစ်မည့် ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးအချို့မှ ရုံးသုံးပစ္စည်းနှင့် လုပ်ငန်းသုံးပုံစံများ သိုလှောင်ထားရှိမှုအခြေအနေများ၊ စာရင်းဇယားမှတ်တမ်းပုံစံဟောင်းများ၊ ရုံးအသုံးအဆောင်ပစ္စည်းအဟောင်းများ ထိန်းသိမ်းထားရှိမှု အ‌ခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဂိုဒေါင်များအတွင်းနှင့် ပတ်ဝန်းကျင်ရေကြီးရေလျှံမှုမဖြစ်စေရေးအတွက် ရေနုတ်မြောင်းများ စနစ်တကျ ဆောင်ရွက်ထားရှိရေး၊ ဂိုဒေါင်များအလိုက် ထည့်သွင်းထားသည့် ပစ္စည်းစာရင်းဇယားများ စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းထုတ်ပေးရေး မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်