Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် စက်တင်ဘာ ၂၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား ‌ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့‌ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြား‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦးနှင့် ဇနီး၊ သံရုံး၊ စစ်သံရုံးမိသားစုဝင်များ၊ ပညာ တော်သင် သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံး၊ စစ်သံရုံးမိသားစုများက တစ်ဦးချင်းမိတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum 2025)” သို့ တက်ရောက်ဆွေးနွေးရန် ဖိတ်ကြားချက်အရ လာရောက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က တက်ရောက်ခဲ့ကြောင်း၊ မကြာသေးမီကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာတွင်ကျင်းပသည့် အခြားသော ထိပ်သီးအစည်းအဝေးများသို့လည်း တက်ရောက်ဆွေးနွေးလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ နိုင်ငံတကာ အခမ်းအနားများသို့ တက်ရောက်ခွင့်ရခြင်းသည် မိမိတို့နိုင်ငံအတွက် ကောင်းမွန်သည့် အကျိုးရလဒ်များကို ရရှိစေကြောင်း၊ သံရုံး၊ စစ်သံရုံး မိသားစုများအနေဖြင့် နိုင်ငံတော်၏ နိုင်ငံ ရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် ပကတိအခြေအနေမှန်များကို သိရှိနားလည်ရမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေ ကျင်းပပေးသွားရမည်ဖြစ်ပြီး မကြာမီကာလအတွင်း ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ကြုံတွေ့ ခဲ့ရသည့် ရွေးကောက်ပွဲများတွင် မဲမသမာမှုဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လာမည့်ရွေးကောက်ပွဲတွင် မဲမသမာမှုများမဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုမရှိစေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များသည် ယုံကြည်စိတ်ချရပြီး မဲမသမာမှုပြုလုပ်၍မရကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေ ရေးဆောင်ရွက်သွားရန်မှာ မိမိတို့၏ ရည်မှန်းချက်ပင်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း မိမိတို့ရွေးချယ်မည့် ရွေးကောက်ခံကိုယ်စားလှယ်များသည် နိုင်ငံ၏ အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို အမှန်တကယ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သူဖြစ်ရန်နှင့် နိုင်ငံကောင်းအောင် ဆောင်ရွက်နိုင်မည့်သူများဖြစ်ရန်လိုကြောင်း၊ သံရုံး၊ စစ်သံရုံး မိသားစုများ၊ သင်တန်းသားများအနေဖြင့်လည်း မိမိတို့ရွေးချယ်မည့် ကိုယ်စားလှယ်များကို မှန်မှန်ကန်ကန် ရွေးချယ်သွားရန်လိုကြောင်း။

သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအနေဖြင့် အလှမ်းကွာဝေးပြီး မိမိတို့နှင့် အခြေခံမတူသည့် ရေခြား၊ မြေခြားအရပ်ဒေသများတွင် နိုင်ငံတော်၏တာဝန်များကို အခက်အခဲများကြားမှ လာရောက်ထမ်းဆောင်ကြခြင်း၊ ပညာသင်ယူခြင်းများကို ဆောင်ရွက်နေကြရခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများ၏အခက်အခဲများကို နားလည်သဘောပေါက်ပြီး လိုအပ်သည်များကို အခါအခွင့်ကြုံသည့်အခါတိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ကျရာ တာဝန်များကို ထမ်းဆောင်နေကြရာ၌ မိမိကိုယ်ကို သစ္စာရှိရန်၊ မိမိအလုပ်အပေါ် သစ္စာရှိရန်၊ နိုင်ငံတော်အပေါ် သစ္စာရှိရန်လို ကြောင်း။

မိမိတို့အစိုးရအနေဖြင့် စတင်တာဝန်ယူစဉ်မှစ၍ ယခုအချိန်အထိ ကပ်ရောဂါကြုံတွေ့ရမှုများ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရမှုများ၊ နိုင်ငံရေးအရဖြစ်ပေါ်လာသည့် အခက်အခဲအကျပ်အတည်း နှင့် ပိတ်ဆို့မှုများကို နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် စစ်မှန်သည့် စေတနာနှင့် သစ္စာတရား ကိုလက်ကိုင်ထား၍ ကြံ့ကြံ့ခံဖြတ်ကျော်ခဲ့ခြင်းဖြစ်ကြောင်း၊ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအနေဖြင့်လည်း မိမိကိုယ်ကိုနှင့် မိမိအလုပ်ကိုသစ္စာရှိရန်၊ နိုင်ငံတော် နှင့် နိုင်ငံသားများအပေါ် သစ္စာရှိရန် မှာကြားလိုကြောင်း။

ငွေကုန်ကြေးကျခံ၍ အနာဂတ်နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များရရှိနိုင်ရန် ပညာတော်သင်စေလွှတ်ခဲ့ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်၏ ကျေးဇူးကို မမေ့ရန်နှင့် နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးများကို ပြန်လည်ထမ်းဆောင်သွားကြရန်လိုကြောင်း၊ မိမိတို့ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်၍ အနာဂတ် နိုင်ငံတော်အကျိုးကို တတ်စွမ်းသည့်ဘက်မှ ဖော်ဆောင်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်ပနိုင်ငံများသို့ ပညာတော်သင် သင်တန်းသားများ စေလွှတ်ပေးလျက်ရှိပြီး အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရာတွင် လူသားအရင်းအမြစ်ကောင်းများ ရရှိစေရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံတွင် ပညာတော်သင်များအဖြစ် စိစစ်ရွေးချယ်စေလွှတ်ခံကြရသူများဖြစ်သဖြင့် မိမိကိုယ်ကိုတန်ဖိုး ထားကြရန်၊ မိမိကိုယ်တိုင်နှင့် နိုင်ငံတော်အတွက် ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။

ထို့ပြင် မိမိတို့မြန်မာနိုင်ငံသား များအချင်းချင်း စည်းလုံးညီညွတ်စွာနေထိုင်ကြရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်မျှတစွာ နေထိုင်ကြရန်၊ ဂရုစိုက်ကြရန် မှာကြားလိုကြောင်း၊ မိမိတို့တစ်ဦးချင်းစီ အလိုက် အသိ၊ သတိဖြင့် ထိန်းထိန်းသိမ်းသိမ်းနေထိုင်သွားလာ စားသောက်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို မှန်မှန်ကန်ကန် ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်သွားကြရန် လိုကြောင်းဖြင့်မှာကြားပြီး လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသား အရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ သံအမတ်ကြီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့် ပညာတော်သင် သင်တန်းသားများက လက်ခံ ရယူကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် သံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်