လွိုင်ကော် နိုဝင်ဘာ ၅
၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ကယားပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် အောင်မြင်စွာ ပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကို က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုများ မဖြစ်ပေါ်စေရေးအတွက် ပြည်နယ် ရွေးကောက်ပွဲ အရာရှိ ဦးကျော်ဆန်းဝင်းမှ လည်းကောင်း၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးမှ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း၊ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ပြည်နယ် ဦးစီးမှူးမှ မှတ်ပုံတင် ပြုလုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း ရှင်းလင်း တင်ပြခဲ့ပြီး တက်ရောက် လာသူများမှ အထွေထွေဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲ၌ ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ (၈)ရက်နေ့ အထွေထွေရွေးကောက်ပွဲနေ့တွင် ဌာနဆိုင်ရာ နှင့် Voluteers များ Covid-19 ကာလအတွင်း ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ ကြပ်မတ် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မဲရုံလုံခြုံရေး စနစ်တကျ ကြပ်မတ် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကြိုတင်မဲ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ နို၀င်ဘာ (၈) ရက်နေ့တွင် မဲပုံးများ အချိန်မီဆောင်ရွက် ထားရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး အခက်အခဲများအား ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ် ဝန်ကြီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ်ရဲတပ်ဖွဲ့ ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ် ၊ ခရိုင် ၊ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ကယားပြည်နယ်အတွင်းရှိ မြို့နယ် (၇) မြို့နယ်တွင် မဲရုံပေါင်း (၂၃၃) ရုံ၊ ဆန္ဒမဲပေးနိုင်မည့်သူ ဦးရေ (၂၁၂၉၁၆) ဦး၊ ဗမာတိုင်းရင်းသား ဆန္ဒမဲပေးနိုင်မည့်ဦးရေ (၄၂၅၅၅) ဦး ရှိကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)