နေပြည်တော် စက်တင်ဘာ ၂၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညပိုင်းတွင် မော်စကိုမြို့ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေး
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအား ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ပြီး တွေ့ဆုံဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူတို့တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတနှင့်အတူ သမ္မတအုပ်ချုပ်မှုရုံး ဒုတိယအကြီးအကဲ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ လက်ထောက်အရာရှိ၊ ဘဏ္ဍာရေး၊ စွမ်းအင်ဝန်ကြီးဌာနတို့မှ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အစိုးရအဖွဲ့အကြီးအကဲများတက်ရောက်ကြသည်။
နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်
ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံးကို လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း ၇၀ ကျော်ရှိပြီဖြစ်ပြီး အဆွေတော်ရုရှားနိုင်ငံသို့ ရောက်ရှိခဲ့ချိန်များတွင် နှစ်နိုင်ငံအကြား သဘောတူညီချက်များစွာကိုလည်း ရေးထိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြားရရှိထားသည့် သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး အသေးစိတ်ဆွေးနွေးသွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
စစ်ဘက်သံတမန်ဆက်ဆံရေး လက်တွဲဆောင်ရွက်လျက်ရှိ
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လုပ်ငန်းတာဝန်များ မအားလပ်သည့်ကြားမှ အဆွေတော်နှင့် ယခုကဲ့သို့ ထပ်မံတွေ့ဆုံခွင့်ရရှိသည့်အတွက် အထူးပင်ဝမ်းမြောက်မိပါကြောင်း၊ မြန်မာ-ရုရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်သံတမန်ဆက်ဆံ ရေးသည်လည်း ခိုင်မြဲသောချစ်ကြည်ရင်းနှီးမှုဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အတူတကွ လက်တွဲဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတိုင်းသည် ၎င်းတို့၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားအပေါ် လုံခြုံရေးအရထိပါးလာခဲ့ပါက ကာကွယ်ပိုင်ခွင့်ရှိသည်ကို မိမိအနေဖြင့် လက်ခံထားပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် ရုရှားနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များကိုလည်း မိမိအနေဖြင့် ကြိုဆိုပါကြောင်း၊ မကြာမီကာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုကျင်းပသွားမည်ဖြစ်ပြီး ကျင်းပပြီးစီးပါက ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ အနာဂတ်ကာလများတွင် လည်း မိမိတို့နှစ်နိုင်ငံနှင့် ပြည်သူများ၏ ဘုံအကျိုးစီးပွားများအတွက် နှစ်နိုင်ငံအကြားကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီး မှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ ကျန်းမာရေးနှင့် ဆေးဝါးထုတ်လုပ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာသင်ကြားရေးကဏ္ဍ၊ ကာကွယ်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်