Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်စကိုမြို့၌ကျင်းပသည့် သိပ္ပံပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် အမှာစကားပြောကြား

နေပြည်တော် စက်တင်ဘာ ၂၅

“လူငယ်နှင့်အနာဂတ်မြန်မာ-သိပ္ပံနှင့်နည်းပညာ” ခေါင်းစဉ်ဖြင့် သိပ္ပံပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့ RADISSON COLLECTION ဟိုတယ်၊ Conference Hall ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်အမှာ စကားပြောကြားသည်။

အဆိုပါသိပ္ပံပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်း အုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ကျော်စိုးဦး၊ ဒုတိယဝန်ကြီးများ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံအရပ်ဘက်တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာလေ့လာဆန်းစစ်မှုများ၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် နည်းပညာဆိုင်ရာများကို ကဏ္ဍပေါင်းစုံတွင်အသုံးချနိုင်မည့် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများစသည်ဖြင့် ကဏ္ဍအလိုက်ပိုစတာများဖြင့် သုံးသပ်တင်ပြထားမှုအား ပြကွက်တစ်ခုချင်းစီအလိုက်စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုလေ့လာကြပြီး ပြကွက်တာဝန်ခံများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။

လိုအပ်ချက်များကို ဖြည့်ဆည်းအဖြေရှာ

ထို့နောက် သိပ္ပံပညာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို စတင်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာ ယနေ့ကျင်းပသည့် “လူငယ်နှင့် အနာဂတ်မြန်မာ” သိပ္ပံနှင့်နည်းပညာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသည် အနာဂတ်မြန်မာနိုင်ငံတွင် ကြုံတွေ့လာနိုင်သည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ စိန်ခေါ်မှုများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းအဖြေရှာနိုင်စေရန်၊ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များ စိတ်အားထက်သန်စွာဖြင့် ပူးပေါင်းပါဝင်လာစေရေး ခေတ်မီဆန်းသစ်ပြီး စဉ်းစားတွေးခေါ်နိုင်မှုမြင့်မားသည့် ပညာတတ်လူငယ်များဖြစ်လာစေရန်၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များ၏စွမ်းဆောင်နိုင်မှုအပေါ် မြှင့်တင်အားပေးနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်အသီးသီးတွင် သုတေသနပြုစုနေကြသည့် သင်တန်းသားများက လေ့လာတွေ့ရှိချက်များအပေါ် မိမိတို့တွင်ရှိသည့် အတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး တင်ပြဆွေးနွေးကြမည်ဖြစ်သည့်အတွက် နိုင်ငံတော်၏ သိပ္ပံနှင့်နည်းပညာကဏ္ဍအပေါ် အကျိုးရှိစေမည်ဖြစ်ကြောင်း၊ တင်ပြဆွေးနွေးသူများ၏ လေ့လာတွေ့ရှိချက်နှင့် အကြံပြုချက်များအပေါ် တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခြင်းများ၊ အတွေ့အကြုံဖလှယ်ခြင်းများ ပြုလုပ်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းမှာကြားလိုကြောင်း။

ယနေ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ၊ စွမ်းအင်ဆိုင်ရာ၊ စက်မှုနည်းပညာဆိုင်ရာ၊ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုနည်းပညာဆိုင်ရာနယ်ပယ်များတွင် ပညာရှင်များစွာ လိုအပ်လျက်ရှိနေကြောင်း၊ ပြည်တွင်း၌ အလုပ်လုပ်နိုင်သည့်အရွယ် လူဦးရေအချိုးအစားများပြားသော်လည်း စက်မှု၊ စိုက်ပျိုးရေးနှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း။

ထို့ကြောင့် လူငယ်များကို ဝေဖန်ပိုင်းခြားတွေးခေါ်တတ်မှု၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်တတ်မှု၊ ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်မှု၊ စုပေါင်းဆောင်ရွက်နိုင်မှု စသည့် စွမ်းရည်များသာမက စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန် အတွက် ညီလာခံများ၊ ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ပြုလုပ်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

နိုင်ငံတော်အနေဖြင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဟူသည့် ဆောင်ပုဒ်အတိုင်း ပညာရေးကဏ္ဍကို အားပေးထောက်ပံ့လျက်ရှိပြီး ပညာရေးအသုံးစရိတ်များကို နှစ်စဉ်တိုးမြှင့်ခွင့်ပြုပေးလျက်ရှိကြောင်း၊ အသိဉာဏ်ပညာပြည့်စုံသည့် လူငယ်ပညာရှင်များ ပေါ်ထွန်းလာရေး၊ အသိပညာ၊ အတတ်ပညာ၊ စွမ်းရည်များနှင့်ပြည့်စုံပြီး အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်တည်လာစေရေး လူငယ်များကို နိုင်ငံ့အနာဂတ်ပဲ့ကိုင်ရှင်များအဖြစ်သတ်မှတ်ကာ နိုင်ငံသားတိုင်းအားလုံးက လူငယ်စွမ်းရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်း အမြစ် အမှန်တကယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖိဖိစီးစီးလုပ်ဆောင်ရန် လိုကြောင်းကို တိုက်တွန်းပြောကြားလိုကြောင်း။

 ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်

ယနေ့မျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံ အများစုက ကဏ္ဍပေါင်းစုံတွင် အချက်အလက်များကို အသုံးချပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း၊ သတင်းအချက်အလက် သိပ္ပံနည်းပညာဆိုင်ရာလုပ်ငန်းများ၊ အချက်အလက် သိပ္ပံသုတေသနလုပ်ငန်းများနှင့် နိုင်ငံတော်အတွက် အထောက်အကူပြုသည့် အကျိုးဖြစ်ထွန်းစေမည့် လက်တွေ့လုပ်ငန်းများ ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

ယနေ့ခေတ်တိုးတက်မှု အမြန်ဆုံးနည်းပညာမှာ ဉာဏ်ရည်တုနည်းပညာ(AI) ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ကုန်ထုတ်လုပ်မှုနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ၌ ဉာဏ်ရည်တုနည်းပညာကို တွင်ကျယ်စွာအသုံးပြုနေကြပြီဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင်လည်း ပညာရေးကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် ဉာဏ်ရည်တုနည်းပညာ အသုံးပြုနိုင်ရေး ကြိုးပမ်းသွားရမည်ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် ဉာဏ်ရည်တုနည်းပညာကို စိုက်ပျိုးရေးကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

လူသားအရင်းအမြစ်များမွေးထုတ်

ဉာဏ်ရည်တုနည်းပညာကို အကျိုးရှိစွာအသုံးချရေး၊ ခိုင်မာသော ဉာဏ်ရည်တုနည်းပညာဂေဟစနစ်ကို တည်ဆောက်နိုင်ရေးနှင့် အရည်အသွေးပြည့်ဝသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် အသုံးချမှုများမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်စွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

နျူကလီးယားစွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ မိမိတို့မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာဖွံ့ဖြိုး တိုးတက်ရေးနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်နည်းပညာကို စွမ်းအင်ကဏ္ဍအပြင် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးကဏ္ဍများတွင် အသုံးချနိုင်သည့်အတွက် မိမိတို့နိုင်ငံ၏ နျူကလီးယားအခြေခံအဆောက်အအုံတည်ထောင်နိုင်ရေး ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်မည်ဖြစ်ကြောင်း။

ယနေ့ မိမိတို့ ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းသည် ရှိရင်းစွဲအလုပ်ကို ဆောင်ရွက်နေခြင်းမဟုတ်ဘဲ နိုင်ငံအတွက် အရွေ့တစ်ခု၊ မှတ်တိုင်တစ်ခုကို ရေးထိုးနိုင်သည်အထိ လုပ်ငန်းများအပေါ်ရည်မှန်းချက်ထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် အရေးကြီးကြောင်း၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ခြင်းနှင့် စိတ်အား ထက်သန်မှုရှိခြင်းတို့သည် ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အဓိကသော့ချက်တစ်ခုဖြစ်သည်ကို အစဉ်နှလုံးသွင်းခံယူထားပြီး ကြိုးစားကြရန်လည်းမှာကြားလိုကြောင်း။

ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် သိပ္ပံနည်းပညာများကို မျက်ခြည်မပြတ်ဆည်းပူးလေ့လာပြီး မိမိတို့တတ်ကျွမ်းသည့်ပညာရပ်နှင့် နိုင်ငံအကျိုးပြုသုတေသနလုပ်ငန်းများတွင် ဆက်လက်ဆောင်ရွက်သွားရမည်လည်းဖြစ်ကြောင်း၊ သင်ကြားပေးလိုက်သည့် ခေတ်မီနည်းပညာများကို နိုင်ငံအတွင်း၌ ထိရောက်စွာအသုံးချနိုင်ရေး နိုင်ငံ့အကျိုး စီးပွားအတွက် လက်ဆင့်ကမ်းလွှဲပြောင်းထမ်းဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲမှ နိုင်ငံတော်၏ သိပ္ပံနှင့်နည်းပညာဆိုင်ရာ စိန်ခေါ်မှုများ၊ လိုအပ်ချက်များကို ဖော်ထုတ်နိုင်ကြစေရန်နှင့် နိုင်ငံ့အကျိုးစီးပွားအတွက် ရည်ရွယ်ချက်ကောင်းနှင့် ခံယူချက်ကောင်းများထားရှိပြီး အနာဂတ်မြန်မာ နိုင်ငံတော်၏ နိုင်ငံ့သားကောင်းများဖြစ်ကြစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အရပ်ဘက်တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားများအနက် ကိုယ်စားလှယ်သင်တန်းသားများက သိပ္ပံနည်းပညာဆိုင်ရာ ဆန်းစစ်လေ့လာချက်များနှင့်ပတ်သက်၍ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးတင်ပြကြသည်။

အပြန်အလှန်မေးမြန်းဆွေးနွေး

ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများက သိရှိလိုသည့်မေးခွန်းများကို မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်းတို့ကိုဆောင်ရွက်ကြပြီး အပြန်အလှန်မေးမြန်းဆွေးနွေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကြီးမားပြီး တက္ကသိုလ်ပညာသင်နိုင်သည့် လူသားအရင်းအမြစ်ကောင်းများ များစွာလိုအပ်ကြောင်း၊ အရည်အချင်းရှိသည့် ကျောင်းသားများဖြစ်ရမည်ဖြစ်ပြီး အရေအတွက်များများစွာရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ကြားရသည့်အတွေ့အကြုံများ၊ မြင်တွေ့နေရသည့် အတွေ့အကြုံများနှင့် ဆွေးနွေးတင်ပြသွားသည်ကိုတွေ့မြင်ရပြီး မိမိတို့နိုင်ငံ၏ ပကတိအခြေအနေများဖြင့်လည်း ချိန်ထိုးစဉ်းစား သွားကြရန်လိုကြောင်း။

သုတေသနပြုလုပ်ရုံသာမက အသုံးချမှုနှင့်ပတ်သက်၍လည်း မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များဖြင့် ဒေသနှင့် တိုင်းပြည်၏အကျိုးကို ဖော်ဆောင်မြှင့်တင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံရှိ တက္ကသိုလ်များ၊ ကောလိပ်များအနေဖြင့် လည်း တက်ရောက်အောင်မြင်ပြီးစီးပါက လက်တွေ့ လုပ်ငန်းနယ်ပယ်သို့ ဝင်ရောက်အလုပ်လုပ်ကိုင်နိုင် သည်အထိ သင်ကြားပေးသွားရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အားနည်းချက်များ ရှိနေဆဲဖြစ်သည့်အတွက် ပြုပြင်ပြောင်းလဲမှု များ ဆောင်ရွက်၍ ပညာရေးကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း၊  မိမိအနေဖြင့် အနာဂတ်ပညာတတ် လူငယ်များ များပြားလာစေရန်ရည်ရွယ်၍ ပညာရေးဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးတို့နှင့် တိုင်ပင်ဆွေးနွေးခဲ့ပြီး Polytechnic တက္ကသိုလ်များ၊ Institute ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ အလားတူ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ အခြေခံပညာ အလယ်တန်းအဆင့် တတ်မြောက်ပြီးသူများ တက်ရောက်နိုင်ရေးအတွက် စက်မှုစိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံပညာ အထက်တန်းကျောင်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း။

ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဘာသာရပ်များကိုလည်း သိရှိနားလည်ကျွမ်းကျင်နိုင်စေရေး ဆက်လက်လေ့လာကြိုးစားအားထုတ်သွားရန်လိုကြောင်း၊ မိမိတို့သင်ယူတတ်မြောက်လာသည့် ဘာသာရပ်အသီးသီး၊ အသိအမြင်အသီးသီးတို့ဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးကို ဖော်ဆောင်နိုင်ရေးအတွက် လည်း ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဆင့်မြင့်ပညာရပ်များကို နိုင်ငံရပ်ခြား၌ လာရောက် သင်ယူနေရသည်ဖြစ်သည့်အတွက် တစ်ဦးချင်းစီ အလိုက် ဘဝများတိုးတက်စေရေး၊ နိုင်ငံတော်မှ ပညာတော်သင်စေလွှတ်ရကြိုးနပ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကောင်းမွန်သည့် အတွေးအခေါ်အသိအမြင်များဖြင့် နိုင်ငံတော်အတွက် ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း၊ နိုင်ငံတော်၏အနာဂတ်ကို ကောင်းမွန်သည့်ပညာတတ်လူသားအရင်းအမြစ်များဖြင့်သာ တည်ဆောက်ရမည် ဖြစ်သဖြင့် တစ်ဦးချင်းစီအလိုက် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်