Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ရေကူးကန်နှင့် ဘောလုံးကွင်းပြန်လည်ပြုပြင်တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၄

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးရေကူးကန်၊ ဘောလုံးကွင်းပတ်လည်နှင့် အထူးတန်းပွဲကြည့်စင်တို့ ပြန်လည်ပြုပြင်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ဝဏ္ဏသိဒ္ဓိရေကူးကန်အတွင်းရှိ လေ့ကျင့်ရေးကန် အုတ်နံရံပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ရေသန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေကူးကန်သို့ သွယ်တန်းထားသည့် ရေလိုင်း၊ မီးလိုင်းများ ကောင်းမွန်စေရေး ပုံမှန်စစ်ဆေးဆောင်ရွက်သွားရန်နှင့် ပြိုင်ပွဲကန်နံရံ၊ ဒိုင်ဗင်ကန်နှင့် ပြိုင်ပွဲကန်များ အမြန်ဆုံးပြန်လည် ပြုပြင်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ထို့နောက် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၏ ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန်၊ အဆောက်အအုံများ ရေရှည်တည်တံ့စေရန်၊ သဘာဝဘေးအန္တရာယ်ဒဏ်နှင့် ရာသီဥတုဒဏ်ခံနိုင်စေရန်အတွက် စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး ကျွမ်းကျင်သူများကိုယ်တိုင် စိစစ်ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်