နေပြည်တော် စက်တင်ဘာ ၂၄
အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်နေ မ-----၊ ၁၉/၂၀၂၅ နှစ်သည် လူမှုကွန်ရက် Tiktok Xiao Mei@ xiaomei 7711 အကောင့်မှ တရုတ်ပြည်ဘက်တွင် ကောင်မလေးများခေါ်သည်၊ အာမခံစီစဉ်ပေးသည်၊ နယ်ဝေးကားစီစဉ်ပေးသည်ဟု ကြော်ငြာထားသည်ကို တွေ့ရှိသဖြင့် ဆက်သွယ်ခဲ့ရာ ရှမ်းပြည်နယ် မူဆယ်မြို့နေ အကောင့်ပိုင်ရှင် ကံ့ကော်ဦး (ခ) မီးမီးမှ တရုတ်အငှားမယားလုပ်ရမည်၊ တစ်နှစ်တရုတ်ယောက်ျားနှင့် အတူနေရမည်၊ ငွေကျပ်သိန်း ၈၀ ရမည်ဟု စည်းရုံးပြောဆိုခဲ့ပြီး မိတ္ထီလာမြို့သို့ လာရောက်ရန်ခေါ်ဆောင်သဖြင့် သွားရောက်ခဲ့ရာ မိတ္ထီလာမြို့ကားဂိတ်တွင် ကံကော်ဦး (ခ) မီးမီးနှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နေ ဘိုဘိုတို့က လာကြိုစဉ်ဖမ်းဆီးရမိခဲ့သဖြင့် မိတ္ထီလာမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်း (ပ) ၁၂/ ၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၂၃ ရက်တွင် မိတ္ထီလာခရိုင် တရားရုံးမှ တရားခံ ကံ့ကော်ဦး (ခ) မီးမီးနှင့် ဘိုဘိုတို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်