Skip to main content

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မက်မန်းတောင်ပေါ်ဒေသ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ဝမ်တာခက်တံတားသစ် ဆောက်လုပ်နေမှုအခြေအနေ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မက်မန်းတောင်ပေါ်ဒေသ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကို စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်း၊ “၀”လွယ်လနှင့် လားဟူတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ မက်မန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဒေသဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းမှူးက အမှာစကားပြောကြားပြီး တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြမှုများကို လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မက်မန်းမြို့ရှိ ပညာဒီပကျောင်းတိုက်သို့ သွားရောက်၍ သံဃာတော်များအား ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် မိုင်းပျဉ်း-မက်မန်းလမ်းပေါ်ရှိ နမ့်ခချောင်းကူး ဝမ်တာခက်တံတားသစ်ဆောက်လုပ်ရေး စီမံကိန်းနေရာသို့ သွားရောက်၍ ဝမ်တာခက်ဘေလီတံတားဟောင်း၏ ကြံ့ခိုင်မှုအခြေအနေနှင့် တံတားသစ်ဆောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ တံတားဟောင်းမှာ ၂၀၂၄ ခုနှစ်အတွင်း တောင်ကျချောင်းရေ တိုက်စားမှုကြောင့် တံတားတိုင်များ ပျက်စီးခဲ့သဖြင့် ၎င်း၏အနီး၌ အရှည်ပေ ၄၄၀ ရှိ RC Concrete အမျိုးအစား တံတားသစ်အား ၂၀၂၅-၂၀၂၆ ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တံတားဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိသော စီမံကိန်းတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်